အီဂျစ်စစ်တပ်ဟာ အီဂျစ်နဲ့ ဂါဇာကမ်းမြောင်နယ်စပ်နားက တပ်စခန်းအသစ်တွေမှာ နေရာယူထားပြီး အဲဒီနေရာကို စောင့်ကြည့်ဖို့ ကင်းလှည့်နေပြီလို့ စီနိုင်း လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ အာမက်ဆာလမ်က အောက်တိုဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းနယ်မြေ ဂါဇာကမ်းမြောင်ရဲ့ တခုတည်းသော ထွက်ပေါက်ကနေ လူတွေ အစုလိုက်အပြုံလိုက် ထွက်ခွာမှုကို တားဆီးဖို့ အီဂျစ်က ဆိုင်းနိုင်းကျွန်းဆွယ်မှာ လှုပ်ရှားနေပြီလို့ ဂါဇာတာဝန်ရှိသူတွေနဲ့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်နဲ့ အီဂျစ်နိုင်ငံကြား ရာဖာနယ်စပ်ရဲ့ ပါလက်စတိုင်းဘက်အခြမ်းကို လေကြောင်းကတိုက်ခိုက်ပြီးတဲ့နောက် မီးခိုးငွေ့တွေထွက်နေတဲ့ ပါလက်စတိုင်းဘက်ခြမ်းကို ရိုက်ကူးထားတဲ့ ရုပ်သံကို လူ့အခွင့်အရေးဆိုင်ရာ စီနိုင်းဖောင်ဒေးရှင်းက အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ခဲ့ပါတယ်။
အခြေခံအဆောက်အအုံနဲ့ ရှုခင်းတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ပြီး ရုပ်ပုံတွေရဲ့ တည်နေရာ စစ်မှန်တာကို သီးခြားစိစစ်နိုင်ခဲ့ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အကြမ်းဖက်မှု တိုးမြင့်လာတာဟာ အလွန်အန္တရာယ်များပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်လာနိုင်တဲ့ အကျိုးဆက်တွေ ရှိနေတယ်လို့ အီဂျစ်သမ္မတ အဘ်ဒယ် ဖှာတာ အယ်လ်စီစီက အင်္ဂါနေ့မှာ နိုင်ငံပိုင်သတင်းအေဂျင်စီ MENA ကို ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဦးတည်တဲ့ ပါလက်စတိုင်း ပြဿနာအတွက် ညှိနှိုင်းအဖြေရှာဖို့ အီဂျစ်က မျှော်လင့်ထားတယ်လို့လည်း စီစီက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ချေမှုန်းတိုက်ခိုက်လို့ အီဂျစ်နိုင်ငံက ထိတ်လန့်ခဲ့တာပါ။
ပါလက်စတိုင်း အရပ်သားတွေက ဆိုင်းနိုင်းကျွန်းဆွယ်ကိုဖြတ်ပြီး အနောက်တောင်ဘက်ကို ထွက်ပြေးဖို့ တိုက်တွန်းမယ့်အစား ပါလက်စတိုင်းနယ်မြေထဲက အရပ်သားတွေ ဘေးကင်းကင်းထွက်သွားဖို့ လမ်းကြောင်းပေးရေး အစ္စရေးကို တိုက်တွန်းခဲ့တယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်နှစ်ခုက ပြောခဲ့ပါတယ်။
Source/Photo-Reuters