ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က ၅ နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် မိသားစုဝင် ၆ ဦးကို ဖမ်းဆီးပြီး သုံးရက်မြောက်နေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သိရပါတယ်။
နန့်ရင်းရပ်ကွက်က နေအိမ်တလုံးကို အောက်တိုဘာ ၈ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေပြီး ၅ နှစ်အောက် ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီးနှစ်ဦး၊ အမျိုးသား တဦးတို့ ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နန့်ရင်းရပ်ကွက် ဒေသခံတဦးက “မိုးကောင်းမှာက ခုနောက်ပိုင်း ဖမ်းချင်တဲ့သူကို လိုက်ဖမ်းနေသလို ဖြစ်နေတယ်။ အခု အဖမ်းခံရတာကလည်း ဘာမှမဆိုင်တဲ့ ၅ နှစ်အောက်ကလေး ၃ ယောက်ကိုလည်း ဖမ်းသွားတယ်။ အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး မိသားစုဝင် စုစုပေါင်း ၆ ဦးကို ဖမ်းသွားတာ။ ဘယ်ကိုဖမ်းသွားတယ် ဆိုတာလည်း မသိရဘူး။ ဒီနေ့ဆို သုံးရက်ရှိပြီ။ ကလေးတွေလည်း ပြန်မလွှတ်ပေးဘူး။ ဘာကြောင့်ဖမ်းလဲ ဆိုတာလည်း မသိရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၉ ရက် ညနေပိုင်းကလည်း မိုးကောင်း အမှတ် ၁ အထက်တန်းကျောင်းအနီးက ဆံပင်ညှပ်ဆိုင်တခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး အသက် ၃၀ ကျော် အမျိုးသားတဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။
မိုးကောင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က ကျောင်းလာကြိုတဲ့စစ်ကား အပစ်ခံရလို့ စစ်သားနှစ်ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၀၀ ထက်မနည်းကို လိုက်လံဖမ်းဆီးခဲ့ပြီး တချို့ကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကာ လူငယ်အများစုကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။