စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောတိုက်နယ်ရဲစခန်းကို မနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီက စတင်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လှတောရွာရဲစခန်းရဲ့ အနောက်ဘက်က ပြည်သူ့နေအိမ်တွေကိုလည်း မီးရှို့ နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေသခံရွာသားတဦးက “တိုက်ပွဲက အတော်ကြာတယ်ဗျ။ ညနေ ၆ နာရီကစပြီး တညလုံးဖြစ်တာလို့ပဲ ပြောရမယ်။ ကျနော်တို့ကတော့ တိုက်ပွဲစဖြစ်မယ်လို့ အရိပ်အရောင် မြင်ကတည်းက အသက်လု ထွက်ပြေးခဲ့တယ်။ ရွာထဲကတော့ ဘာတွေဖြစ်မလဲတော့ မသိဘူး။ မနက်ခင်းကတော့ စစ်ကောင်စီဘက်က သေတဲ့အလောင်းတွေ ပြည်သူတွေရဲ့အိမ်တွေထဲထည့်ပြီး မီးရှို့နေတယ်လို့ သတင်းကြားနေရတယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့၊ လှတောတိုက်နယ် အတွင်းက ပကဖ၊ ပအဖ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဆားတောင်မိုးကြိုးနဲ့ မဟာမိတ်များ၊ Zero power တို့ ပူးပေါင်းတိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “ဒီပွဲကတော့ တပ်ရင်းတွေရယ်၊ တိုက်နယ်ပကဖရယ်၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရယ် COC အရ ပူးပေါင်းတိုက်တဲ့ပွဲ ဖြစ်တယ်ဗျ။ တိုက်ပွဲက ရဲစခန်းအနီးအထိ ကျနော်တို့ ချဉ်းကပ်တိုက်ခဲ့တာ။ စခန်းသိမ်းဖို့အထိ ကျနော်တို့ ပထမ ရည်ရွယ်ပြီးတိုက်တာ။ သူတို့ကံကောင်းတာလား၊ ကျနော်တို့ကံက မကောင်းတာလား မသိဘူးဗျာ။ မိုးက သဲကြီးမဲကြီးကို တညလုံးရွာတော့ ကျနော်တို့ဘက်က RPG ယမ်းတွေ ရေစိုလို့ ဂျမ့်ဖြစ်သလို ကျန်တဲ့ လက်နက်ကြီးတွေလည်း ဂျမ့်ဖြစ်သွားတယ်။ ကျနော်တို့အဖွဲ့ အားလုံးက ရဲဘော်တွေအနေနဲ့ မိုးရွာကြီးထဲ တညလုံး စခန်းရဖို့ ကြိုးစားသေးတယ်။ မနက်လင်းသွားတော့ လေယာဉ်ရန်ရှိလာနိုင်လို့ ကျနော်တို့ နောက်ကြောင်းပြန်ဆုတ်ခဲ့တယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ေယာက်အထိ ကျဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။