Home
နိုင်ငံတကာ
လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်
DVB
·
October 11, 2023
Israel Lebanon_11102023

လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် လက်ဘနွန်-အစ္စရေး နယ်စပ်နားမှာ အမြောက်သံတွေကို ၃ ရက်မြောက် ဆက်တိုက်အဖြစ် အောက်တိုဘာ ၁၀ ရက်က ကြားရပါတယ်။

ဆီးရီးယားနိုင်ငံ ဟုမ်းမြို့က အယ်လ်ဘာယာဒါရပ်ကွက်၊ လက်ဘနွန်တောင်ပိုင်းက ရက်ရှားယဲ ဖူခါရွာနဲ့ ဇက်ဘိနာမြို့တွေနားမှာ မီးနဲ့ မီးခိုးတွေ တက်လာတာကို​ မြင်ရတယ်လို့ လုံခြုံရေးသတင်းရင်းမြစ် သုံးခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေက ဗုံးတွေ၊ အမြောက်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်တရပ်က ပြောပါတယ်။

ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တဲ့ လက်ဘနွန်တောင်ပိုင်းဒေသကို အစ္စရေးက ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ဒုတိယသတင်းရင်းမြစ်တရပ်က ပြောပါတယ်။

လက်ဘနွန်ပိုင်နက်ကနေ ပစ်ခတ်တာတွေကို အမြောက်တွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

လက်ဘနွန်ဘက်ကနေ ဒုံးကျည် ၁၅ စင်းလောက် ပစ်လွှတ်ခဲ့ပြီး လေးစင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်၊ ၁၀ စင်းကတော့ စပစ်ခတ်တဲ့နေရာနားမှာတင် ပြုတ်ကျခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၉ ရက်က အစ္စရေး-လက်ဘနွန် နယ်စပ်တလျှောက် လက်ဘနွန်ကနေ အစ္စရေးကို စိမ့်ဝင်ပြီး အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ခဲ့တဲ့ ပါလက်စတိုင်း စစ်သွေးကြွ နှစ်ဦး၊ ဟစ်ဇ်ဘိုလာအဖွဲ့ဝင် သုံးဦး၊ အစ္စရေးအရာရှိတဦး အပါအဝင် လူခြောက်ဦး သေဆုံးခဲ့ပါတယ်။

ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲလောက်မှာ တုရုမြို့ တောင်ဘက်ကနေ ဒုံးကျည်ပစ်လွှတ်တာ တွေ့ခဲ့တယ်လို့ UNIFIL လို့ လူသိများတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့က ပြောရင်း ဘက်ပေါင်းစုံကနေ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂ ကူညီရေးဝန်ထမ်း လေးဦး သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက် မနက် ၁၁ နာရီအထိ ရထားတဲ့ သတင်းအရ သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024