Home
မြန်မာသတင်း
အောင်မြေသာစံမြို့နယ်တွင် နယ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရ
DVB
·
October 11, 2023
AungMyayThaZan_Police_Kill_11102023

မန္တလေး၊ အောင်မြေသာစံမြို့နယ် အမှတ် ၄ နယ်မြေရဲစခန်းမှာ အောက်တိုဘာ ၁၀ ရက် မနေ့ည ၆ နာရီခွဲက လိုင်းကြေးတောင်းပြီး ပြန်လာတဲ့ နယ်ထိန်းတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမှတ် ၄ နယ်မြေရဲစခန်းက နယ်ထိန်းတဦးဟာ မနေ့ည ၆ နာရီခွဲက အမရဌာနီရပ်ကွက်မှာ လိုင်းကြေးတောင်းပြီး ဆိုင်ကယ်နဲ့ ပြန်လာစဥ် ၇၉ × ၈၀ လမ်းကြားမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လိုင်းကြေးတောင်းပြီး ပြန်တဲ့အချိန် အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပစ်တာ၊ ခေါင်းကို ထိသွားတယ်။ ဆေးရုံပို့သေးတယ်၊ မန္တလေးဆေးရုံကြီးရောက်မှ သေသွားတာ။”

သေဆုံးသူမှာ အမှတ် ၄ နယ်​မြေရဲစခန်းမှ နယ်ထိန်းရဲတပ်သား မိုးစန်းဦးဖြစ်ပြီး ဦးခေါင်းကျည် ထိမှန်ဒဏ်ရာတချက်နဲ့ မန္တလေးဆေးရုံကြီးမှာ သေဆုံးခဲ့တာလို့ ရဲအရာရှိနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။

“စခန်းကတော့ သတင်းသွားယူတာလို့ ပြောတယ်။ ၇ ရက်နေ့ကမှ စစ်သားတယောက် ပစ်သတ်ခံထားရတာ။ လုံခြုံရေးသတိ ရှိရမှာပေါ့။ လိုင်းကြေးရဖို့အတွက်နဲ့ ရဲတယောက် ဆုံးရှုံးတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အောင်မြေသာစံမြို့နယ် အမရဌာနီရပ်ကွက် ၉ လမ်း၊ ၇၉ × ၈၀ လမ်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ သေနတ်နဲ့ ပစ်ခတ်သူကို ဖမ်းဆီးရမိတာ မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီခွဲကလည်း အောင်မြေသာစံမြို့နယ်။ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတဦး သေနတ်နဲ့ပစ်ခတ်ခံလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024