အစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်တာ ခံရပြီးတဲ့နောက် တကိုယ်တော်လှုပ်ရှားတဲ့ ဝံပုလွေလို လူတွေကို သတိထားကြဖို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်စ်က အောက်တိုဘာ ၁၀ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်မှာ သတိပေးလိုက်ပါတယ်။
“ကျနော်တို့ သတိရှိဖို့ လိုပါတယ်။ ကျွန်ုပ်တို့ရဲ့ အစောင့်အရှောက်တွေကို မလျှော့ထားနိုင်ပါဘူး။ မိုင်ထောင်ချီဝေးတဲ့ အစ္စရေးမှာ အဖြစ်အပျက်ကို မယုံနိုင်စရာပါပဲ။ ကျနော်တို့ဟာ အစ္စရေးပြင်ပမှာ ဂျူးလူမျိုးအများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး ရဟူဒီ ဘုရားကျောင်းတွေနဲ့ ကျနော်တို့ရဲ့ အမှုထမ်းတွေကို အလွန်သတိရှိစေချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အဓိက အဖွဲ့အစည်းတချို့ကို ရှာဖွေတာ၊ ဝန်ထမ်းတွေကို တာဝန်ချတာ၊ ဘုရားကျောင်းတွေ ဘေးကင်းမကင်း စစ်ဆေးတာ အပါအဝင် မတူခြားနားတဲ့ ဘာသာရေး အဖွဲ့အမျိုးမျိုးအတွက် လုံခြုံရေးစည်း အထပ်ထပ် ချထားတာတွေကို နယူးယောက်ရဲတပ်ဖွဲ့က ဆက်လုပ်နေတယ်လို့ နယူးယောက်မြို့ ရဲဌာန လှည့်ကင်းမှူး ဂျွန်ချဲက ပြောပါတယ်။
သူတို့ဟာ စစ်သားတွေမဟုတ်ဘဲ အကြမ်းဖက်သမားတွေပါ။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ များများစားစား လိုချင်ရုံသာမက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ စိတ်ဒဏ်ရာတွေကိုပါ ထိခိုက်စေချင်တယ်။ အဲဒါက ရည်ရွယ်ချက်ရှိရှိလုပ်တာ ထင်တယ်လို့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ နယူးယောက် မြို့တော်ဝန်က ပြောပါတယ်။
သီတင်းပတ်ကုန်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီး လူပေါင်း ၂,၀၀၀ လောက် အသက်ဆုံးရှုံးခဲ့တဲ့ အပြန်အလှန် တိုက်ပွဲကို အဆုံးသတ်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုခဲ့ပြီး အနောက်နိုင်ငံတွေက အစ္စရေးနိုင်ငံကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။
Source/Photo-Reuters