မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြသီတာစျေးအနီးမှာ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ကိုလတ် ဆိုသူကို ရေးဘီလူးအဖွဲ့က အောက်တိုဘာ ၁၀ ရက် မနက် ၉ နာရီခွဲက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ကိုလတ်က စျေးကို ဆိုင်ကယ်နဲ့လာစဥ် စျေးနားမှာ ဆိုင်ကယ်ပေါ်ကမဆင်းခင် သေနတ်ပစ်ခတ်ခံရပြီး သေနတ်ဒဏ်ရာနဲ့ ရေးဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က “9mm အတိုနဲ့ ၃ တောင့် ထည့်ပေးလိုက်ပါတယ်။ ပျူခေါင်းဆောင် မောင်လတ်ဟာ အာဏာသိမ်းပြီးကတည်းက စကစကျေးကျွန်အဖြစ် နှစ်တွေကြာလာတာနဲ့မျှ လုပ်ပိုင်ခွင့်တွေ ရလာသူပါ”လို့ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကိုလတ်ဟာ စကစ မသင်္ကာသူတွေကို အစစ်အဆေးပြုလုပ်ရာမှာလည်း ဦးဆောင်သူဖြစ်ပြီး လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်သူဖြစ်တာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့က ဆိုပါတယ်။
ရေးမြို့အတွင်း စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို ထပ်မံတိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
ရေးမြို့ပေါ်မှာ အရင်ကထက် စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ကြားကနေ မြဝတီဘဏ် လုံခြုံရေး တိုက်ခိုက်ခံရအပြီး အခု ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရတာ ဖြစ်ပါတယ်။