ပဲခူးမြို့မှာ ရေကြီးနစ်မြုပ်မှုတွေ ရှိနေတာကြောင့် သွားလာရေး အခက်အခဲနဲ့ ကုန်စည်စီးဆင်းမှုတွေ ကြန့်ကြာနေတယ်လို့ မြေပြင်အခြေအနေတွေအရ သိရပါတယ်။
ပဲခူးမြို့ရဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း ရန်ကုန်မှ ပဲခူးမြို့အဝင် တိုးဂိတ်ကစလို့ လမ်းပိုင်း ရေမြုပ်နေတာကြောင့် ကားတွေ ဆက်သွားမရတော့ဘဲ တန်းစီစောင့်ဆိုင်းနေရပြီး ခရီးသည်တွေအနေနဲ့ ကြုံရာနည်းနဲ့ မြို့အတွင်း ဝင်ထွက်သွားလာနေရတာ ဖြစ်ပါတယ်။
တိုးဂိတ်ကစလို့ အနိမ့်ပိုင်းလမ်းပိုင်းတွေမှာ ရေမြုပ်နေလို့ ကုန်းမြင့်ရာလမ်းတွေကနေ ရှောင်သွားလာနေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်-ပဲခူး လိုင်းကားတွေက တိုးဂိတ်မရောက်ခင် စက်မူဇုန်လမ်းဆုံအနီးမှာ ဂိတ်ထိုးထားရပြီး ခရီးသည်တွေက မြို့တွင်းဆက်ဝင်မယ်ဆိုရင် မဟာမြိုင်လမ်းဆုံအထိ တဦးကို ဆိုင်ကယ်ကယ်ရီခ ကျပ် ၁၀,၀၀၀ ပေးရသလို သုံးဘီးစီးမယ်ဆိုရင် တဦး ၅,၀၀၀ ကျပ် ပေးရပါတယ်။
တိုးဂိတ်မရောက်ခင် ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေကြပြီး ရှေ့ဆက်မရဖြစ်နေကာ ယာဥ်မောင်းတချို့က ရပ်ထားရတာ တရက်ရှိပြီလို့ ဆိုပါတယ်။
ပိတ်မိနေတဲ့ ကားတွေထဲမှာ ရန်ကုန်ကနေထွက်လာတဲ့ နယ်အသီးသီးက စက်သုံးဆီဘောက်ဆာကားက တဝက်လောက်ရှိတာကြောင့် တခြားဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်တဲ့ အခြေအနေ ကြုံလာရနိုင်တယ်လို့ ယာဥ်မောင်းတချို့က ဆိုပါတယ်။
ပဲခူးမြို့ထဲ ယာဥ်အသွားအလာ ပြတ်ပေမဲ့ နယ်အသီးသီးက လူမှုကယ်ဆယ်ရေးအဖွဲ့ကားတွေ၊ ပရဟိတအဖွဲ့ကားတွေ၊ ကယ်ဆယ်ရေးလှေတင်လာတဲ့ ကားတွေကတော့ ဆက်တိုက်ဆိုသလို ရေနစ်တဲ့နေရာမဟုတ်တဲ့ လမ်းတွေကနေ လမ်းကြောင်းရှာ ဝင်ရောက်နေကြပါတယ်။
ပဲခူးမြို့ထဲက လမ်းဆုံနဲ့ ရေနစ်မြုပ်တဲ့နေရာ အစပ်တွေမှာ လူမှုကူညီရေးအဖွဲ့တွေက စခန်းချပြီး ကူညီကယ်ဆယ်ရေးတွေ တာဝန်ယူ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
မြို့တွင်းတလျှောက်မှာ စစ်ကောင်စီရဲအနည်းငယ်ကို ရံဖန်ရံခါတွေ့ရပြီး စစ်တပ်ကိုတော့ မတွေ့ခဲ့ရပါဘူး။
ရေလွတ်ရာ မြို့တွင်းလမ်းတွေပေါ်မှာ အဖွဲ့စုံ လူမှုကူညီရေးအဖွဲ့တွေနဲ့ ကူညီပေးမယ့် သူတွေက အဆင်သင့်အနေအထား ရှိနေပါတယ်။
ဒေသခံတွေအဆိုအရ ရေဘေးသင့်ပြည်သူတွေကို လူမှုကူညီရေး၊ ပရဟိတအဖွဲ့တွေ၊ ပြင်ပအလှူရှင်တွေကနေ လာရောက်ကူညီပေးတာသာရှိပြီး စစ်ကောင်စီက တခါတလေ ရုပ်လုံးလာပြရုံသာ ရှိတယ်လို့ ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တွေကတော့ ဝိုင်းဝန်းကူညီမှု ရှိပါတယ်။
ပဲခူးမြို့ရဲ့ စံချိန်တင် အကြီးမားဆုံးရေဘေးကို ပြည်သူအချင်းချင်းကပဲ ကူမျှပေးနေတာလို့ ဆိုကြပါတယ်။
ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ရေမြုပ်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးတွေက ဖြန့်ကြက်လွှမ်းခြုံမိဖို့တော့ လိုနေပါသေးတယ်။
ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး မကောင်းတာ၊ လျှပ်စစ်မီးဖြတ်ထားလို့ ဖုန်းအားမရှိလို့ ဆက်သွယ်ရေးအခက်အခဲ ဖြစ်တာမျိုးတွေလည်း ကြုံတွေ့နေကြရပါတယ်။
ပဲခူးမြို့ရဲ့ လက်ရှိကြုံနေရတဲ့ ရေဘေးဟာ လေးရက်တာရှိသွားပြီဖြစ်သလို အကူအညီ လိုအပ်ချက်တွေကလည်း နေ့စဥ်နဲ့အမျှ မြင့်တက်နေပါတယ်။
ရေပြန်ကျခဲ့ရင်တောင် နောက်ဆက်တွဲ ကြုံတွေ့ရမယ့် ပြဿနာ၊ အခက်အခဲတွေက ရှိနေပါသေးတယ်။