Home
မြန်မာသတင်း
မိုးဗြဲတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရ
DVB
·
October 10, 2023
MoeByePDF_10102023

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်အတွင်းကို အောက်တိုဘာ ၉ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီရဲ့ ခမရ ၄၂၂ တပ်ကနေ လက်နက်ကြီးတွ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံပြည်သူတဦးက “ဒုန့်ဒူထန်ရွာနားမှာ စစ်ကောင်စီတပ်တွေ ခြုံခိုတိုက်ခိုက်ခံရတာ။ ထိခိုက်သေဆုံးသူများပြီး အထိနာခဲ့တယ်ကြားတယ်။ ဒါကြောင့် ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်တွေအတွင်းကို လက်နက်ကြီးနဲ့ တင့်ကားတွေပါ ပစ်ခတ်နေတာ။ သူတို့ပစ်လို့ အဘိုးအိုတယောက်နဲ့ အဘွားအိုတယောက် လက်နက်ကြီးစ ထိမှန်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့အဝင် ဒုန့်ဒူထန်ရွာက ‌ဒေသခံတွေရဲ့ နေအိမ် ၄ လုံးလောက်မှာ တအိမ်ကို တပ်စိတ်တစိတ် တပ်စွဲနေတာဖြစ်ပြီး အယောက် ၄၀ ဝန်းကျင်လောက်ရှိကာ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးသူ များနိုင်ပြီး စစ်ကောင်စီရဲ့ ညောင်ဝိုင်းနဲ့ ခမရ ၃၃၆ တပ်ရင်းကနေ စစ်ကူရောက်လာတာ မြန်တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရှေ့တန်းရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့အတူ ကရင်နီလူမျိုးပေါင်းစုံတော်လှန်ရေးတပ်ဦး - ကလလတရဲ့ ခွဲထွက်အဖွဲ့ KNG ကပါ ပူးပေါင်းနေပြီး ပြည်သူတွေဆီကနေ စျေးခွန်တွေ ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် မိုးဗြဲမြို့ထဲမှာ ပြန်လည်နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်တွေက သတိပေး တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024