Home
မြန်မာသတင်း
လှည်းကူးတွင် ရေကြီးမှုကြောင့် အိမ်ထောင်စု ထောင်ချီရွှေ့ပြောင်း၊ ရေဘေးသင့် စက်ရုံဝန်ထမ်းများ လစာဖြတ်ခံရမှာ စိုးရိမ်
DVB
·
October 10, 2023
HleKu_WaterFlood_01_10102023
HleKu_WaterFlood_02_10102023
HleKu_WaterFlood_03_10102023
NgaMoeYeikDam_10102023
HleKu_Factorys_10102023

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်က ရေကြီးနေတဲ့ ရပ်ကွက်၊ ရွာ ၂၅ ခုအထိ ရှိလာပြီး အိမ်ထောင်စု ၁၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ မြို့ခံကယ်ဆယ်‌ရေးအသင်းတွေက ပြောပါတယ်။

ရေကြီးမှုစတင်တဲ့ အောက်တိုဘာလ ၈ ရက်မှာ ငမိုးရိပ်တမံ ၄ ပေလောက်အထိ ရေပိုလွှဲခဲ့ရာမှ ငမိုးရိပ်ချောင်းအနီးရှိ မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ဖောင်ကြီးရွာတို့မှာ ရေအနက် ၃ ပေခန့်အထိ ဝင်ရောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၉ ရက်မှာ ငမိုးရိပ်တမံ ၆ ပေ ၁၀ လက်မအထိ ရေပိုလွှဲခဲ့ရာမှ မြို့ပေါ်ရပ်ကွက်တွေနဲ့ ချောင်းတလျှောက်ရှိ ရွာတွေမှာပါ ရေအနက် ၃ ပေခွဲအထိ ရေဝင်ရောက်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာ လှည်းကူးမြို့နယ်ထဲရှိ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ရိပ်သာရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ဈေးကြီးရပ်ကွက်နဲ့ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဇရပ်ကွင်း၊ ဖောင်ကြီး(အရှေ့)၊ စခန်းကြီး၊ ကြာအင်း၊ ကလီထော် (အနောက်)၊ ကလီထော်(အရှေ့)၊ မင်းကုန်း၊ ဖဲခမဲ၊ စာဘူးတောင်း၊ ငါးဆူတောင်၊ သူငယ်ချောင်း၊ အုန်းနှဲကုန်း၊ ခရောင်၊ မဲဇလီကုန်း၊ ကြို့ကုန်း၊ ညောင်ကုန်း၊ စာဘူးတောင်းစတဲ့ ရွာတွေမှာပါ ရေဝင်ရောက်နေပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က ရေပိုလွှဲပမာဏ ၆ ပေ ၁၀ လက်မအထိ ရှိတယ်လို့ ငမိုးရိပ်ရေလှောင်တမံက ထုတ်ပြန်ခဲ့ပေမဲ့ အောက်တိုဘာလ ၁၀ ရက်နေ့အတွက် ငမိုးရိပ်ရေလှောင်တမံရဲ့ ‌ရေတိုင်းအမှတ်နဲ့ ရေပိုလွှဲမှ ရေထုတ်တဲ့ ပမာဏကို တမံထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ခြင်းမရှိဘဲ လှည်းကူးမြို့နယ်အတွင်းက ရွာတွေမှာ ရေလွှမ်းမိုးမှု ပိုတိုးလာခဲ့တာ ဖြစ်ပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “မိုးက ညပိုင်းက တော်တော်သည်းတာ၊ မနက်ပိုင်းက နည်းနည်းပဲ ရွာတယ်၊ ဒီနေ့ ရေဝင်မှုက ပိုဆိုးတယ်၊ ငါးထပ်ကြီးစင်တာမှာ ရေဝင်လာလို့ ဒရယ်ဘိုက TTC ကျောင်းဆောင်တခုကို အရေးပေါ်ပြောင်းရွေ့ရပါတယ်၊  ရေအနက်က တနေရာနဲ့တနေရာ မတူပါဘူး ရင်ဆို့လောက် ရှိတဲ့‌နေရာ ခါးလောက်ရှိတဲ့နေရာတွေ ရှိတယ်၊ ရေကထပ်တက်လာလို့ နစ်တဲ့နေရာတွေ ပိုများလာတယ်”လို့ ဆိုပါတယ်။

ရေဘေးရှောင်စင်တာ ၁ ခုဖြစ်တဲ့ ငါးထပ်ကြီးဘုရားဝင်းမှာပါ ရေဝင်ရောက်လာတာကြောင့် အိမ်ထောင်စုတွေကိုလှည်းကူး၊ ဒရယ်ဘိုရွာရှိ လှည်းကူးပညာရေးဒီဂရီကောလိပ်ကို မီးသတ်၊ ကြက်ခြေနီအသင်းတွေက ရွှေ့ပြောင်းပေးထားရပါတယ်။

လှည်းကူးမြို့နယ်ထဲမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေအဖြစ် ငါးထပ်ကြီးဘုရားဝင်းအတွင်း၊  သီတာအေး ၆ လမ်း၊ သီတာအေး ဘောလုံးကွင်း အားကစားရုံနဲ့ ခရစ်ယာန်အဆောက်အဦ၊ အောင်မင်္ဂလာစုရပ်၊ အောင်မင်္ဂလာ ၅ လမ်း ဓမ္မာရုံ၊  စန်းသော်တာစုရပ်၊ ကုသိနာရုံ၊  အောင်စကြာ ဘုန်းကြီးကျောင်းနဲ့ လှည်းကူးပညာရေး ဒီဂရီကောလိပ်တို့နဲ့ သက်ဆိုင်ရာဘုန်းကြီးကျောင်းတွေမှာ မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့က နေရာချပေးထားပြီး ရေဘေးသင့်အိမ်ထောင်စု ၁၀၀၀ ကျော်အတွက် ရေသန့်၊ ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၈ရက် မနက်အစောပိုင်း ၃ နာရီက လှည်းကူးမြို့နယ် ကလီထော်တူးမြောင်း ကျိုးပေါက်ခဲ့တာကြောင့် ကြာအင်း(အရှေ့)ရွာတွေက နေအိမ်‌တွေနဲ့လယ်မြေ ဧက ၄၀ လောက်  ရေနစ်မြုပ်ခဲ့ပါတယ်။

လှည်းကူးမြို့နယ်ထဲမှာ ရေကြီးနေတာကြောင့် စက်ရုံဝန်ထမ်းတွေအနေနဲ့ အလုပ်ပျက်ရက်တွေအတွက် လစာထဲက ဖြတ်တောက်သွားမယ်လို့ သက်ဆိုင်ရာ အလုပ်ရုံတွေက အကြောင်းကြားလာတဲ့အပေါ်  စိုးရိမ်နေကြကြောင်း စက်ရုံဝန်ထမ်းတွေထံက သိရပါတယ်။

​ရေကြီး​ရေလျှံခဲ့တာကြောင့် စက်ရုံဝန်ထမ်းတွေ သက်ဆိုင်ရာ အလုပ်ရုံတွေကို ခွင့်တိုင်​ကြားခဲ့ရာမှာ အလုပ်ရုံတွေဘက်က အလုပ်ပျက်ရက်တွေအတွက် လစာထဲက ဖြတ်​တောက်ခံရမှာဖြစ်ကြောင်း အ​ကြောင်းပြန်စာ ပေးပို့လာ​​တယ်လို့ စက်ရုံဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အိမ်တွေထဲထိ ရေဝင်ပြီး ဒုက္ခရောက်နေတဲ့ဟာ ဘယ်လိုလုပ်ပြီး အလုပ်ဆင်းနိုင်မလဲ။ သူတို့ နားလည်ပေးသင့်တာပေါ့။ အခုတောင် ကယ်ဆယ်ရေးစခန်းမှာ ပြောင်းပြီးနေရတာ။ ဒါကို အလုပ်ပျက်လို့ လစာနုတ်မယ်ဆိုတော့ ဝန်ထမ်းတွေအပေါ် ငဲ့ညှာမှုမရှိဘူးလို့ ထင်တယ်။ ကျနော်တို့ အလုပ်သမား​ရေးရာ တာဝန်ရှိသူ​တွေဘက်ကလည်း ဒီကိစ္စအပေါ် ဝင်​ရောက်​ ဖြေရှင်း​ပေး​သင့်တယ်။”

လှည်းကူးမြို့နယ်အတွင်းမှာ အ​ခြေခံအလုပ်သမားတွေနဲ့ စက်ရုံဝန်ထမ်းအများအစု​ နေထိုင်ကြပြီး စက်ရုံကုမ္ပဏီပေါင်း ၃၀ ဝန်းကျင်ရှိတယ်လို့ မြန်မာနိုင်ငံ ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားရေးအဖွဲ့ DICA မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024