ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေပြီး နေအိမ်အတွင်း ပိတ်မိနေသူတွေကို လူမှုကူညီရေးအသင်းဝင်တွေက ကယ်ထုတ်နေရကာ ရေဘေးတိမ်းရှောင်သူ ၄၀၀၀၀ ကျော်အထိ ရှိလာပြီလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
အောက်တိုဘာ ၇ ရက်က စတင်ပြီး မိုးရွာသွန်းတာကြောင့် ပဲခူးမြို့ တမြို့လုံးနီးပါး ရေနစ်မြုပ်ပြီး ၃ ရက်ကြာတဲ့အထိ ရေကျသွားတာမရှိသေးဘဲ နေအိမ်အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေက ကယ်ထုတ်နေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက "မနေ့ညကစပြီး မိုးရပ်သွားတော့ ရေနည်းနည်း ကျသွားတယ်။ အခုမနက်တော့ မိုးကနည်းနည်းပြန်ရွာတယ်။ နေအိမ်အပေါ်ထပ် မမြုပ်တဲ့သူတွေက အဲ့မှာပဲနေကြတာ။ ကျန်းမာရေးမကောင်းသူတွေကို ကယ်ထုတ်နေရတယ်။ ကယ်ဆယ်ရေးစခန်းတွေလည်း ပြည့်သလောက်ဖြစ်နေပြီ။ အခုလတ်တလော အခြေအနေအရ စက်လှေလိုနေပါတယ်"လို့ ပြောပါတယ်။
ပဲခူးမြို့ ရေကြီးမှုမှာ တမြို့နယ်လုံး ရေနှစ်မြုပ်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၁၀ ပေ အထိရှိပြီး အမြင့်ပိုင်းရပ်ကွက်တွေမှာ ၃ ပေ အထိရှိကာ ပဲခူးမြို့အနီး ကျေးရွာ ၇ ရွာမှာလည်း ရေနစ်မြုပ် နေပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းအထိ နေအိမ်အတွင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နေရပြီး ရေဘေးရှောင်ပြည်သူ ၄၀၀၀၀ ကျော်အထိရှိလာလို့ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်အထိ ထပ်တိုး ကူညီပေးနေရတယ်လို့ သိရပါတယ်။
ပဲခူးမြို့မှာ နှစ် ၆၀ အတွင်း ရေကြီးမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နိုင်ငံအနှံ့ လူမှုကူညီရေးအဖွဲ့တွေပါ ပဲခူးမှာ ရေးဘေး ကူညီကယ်ဆယ်ဖို့ ရောက်ရှိနေပါတယ်။
Photo- မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့