ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်နားက မုန်လိုင်ခက်စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ အများအပြား သေဆုံးပြီး အရေအတွက်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “ည ၁၁ ခွဲလောက်ဖြစ်မယ်။ မြေကြီးတောင်တုန်သွားတာပဲ၊ အိမ်က မှန်တွေတောင်ကွဲတယ်၊ နောက်ကျတော့ မုန်လိုက်ခက်က စစ်ရှောင်စခန်းမှာ လာကျတာတဲ့၊ သေတဲ့သူတွေကော အများကြီး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကော အများကြီးပဲ၊ ဒီနေ့မနက်ဆို ဒဏ်ရရာတဲ့သူတွေ ဆေရုံးမှာ ပြည့်နေပြီ”လို့ ပြောပါတယ်။
လိုင်ဇာဒေသက သတင်းရင်းမြစ်တွေ အရ နေအိမ် ၅၀ ထက်မနည်း ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးတဲ့ အနည်းဆုံး ပြည်သူ ၂၇ ဦး ထိရှိနေပြီး စိစစ်နေဆဲဖြစ်တယ် လို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မုန်လိုင်ခက်ပတ်ဝန်းကျင်နဲ့ နမ်ဆန်ယန် ပတ်ဝန်းကျင်တွေမှာ ကျရောက် ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လိုင်ဇာဒေသကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တရုတ်ပြည်ထဲကို ကျရောက် ပေါက်ကွဲတာ ရှိတယ်လို့ သိရပါတယ်။
မုန်လိုင်ခက်ရွာမှာရှိတဲ့ မုန်လိုင်ခက် စစ်ရှောင်ခန်းဟာ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း နေထိုင်နေတဲ့ စစ်ရှောင်စခန်း တခုဖြစ်ပါတယ်။