ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ကြားကာလ မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီကို စတင် ဖွဲ့စည်းခဲ့ကြောင်း တာဝန်ရှိသူတွေထံက သိရပါတယ်။
မတူပီမြို့နယ်က ပြည်သူ့ဝန်ဆောင်မှုအဖွဲ့အစည်းတွေဖြစ်တဲ့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့ မြို့နယ်ကျန်းမာရေးအဖွဲ့တွေကို အောက်တိုဘာ ၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးကော်မတီကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဟန်ချက်ညီညီ လည်ပတ်နိုင်ဖို့အတွက် ဘဏ္ဍာငွေတွေ တစုတစည်းတည်း စီးဆင်းနိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ဌာနအလိုက် ရန်ပုံငွေသီးသန့်ရှာဖွတာ မပြုလုပ်ဘဲ ဘဏ္ဍာရေးကော်မတီ ခေါင်းစဉ်အောက်မှာသာ ပြည်တွင်း၊ ပြည်ပရှိ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေထံမှာ ရန်ပုံငွေရှာဖွေကြဖို့ ဖြစ်ပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “အဓိက ငွေကြေးတစုတစည်းတည်း စီးဆင်းဖို့ပေါ့။ အရင်က ဌာနတခုစီ ရန်ပုံငွေရှာကြတာ ဆိုတော့လေ၊ အခုနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ္ဍာရေး တစုတစည်းတည်း စီးဆင်းပြီး ပွင့်လင်းမြင်သာမှုရှိအောင် ဖွဲ့စည်းလိုက်တာပါ” လို့ ပြောပါတယ်။
မတူပီမြို့နယ် ကာကွယ်ရေးဌာနဖြစ်တဲ့ CDF-မတူပီအနေနဲ့ ဘဏ္ဍာရေးအပိုင်းကိုတော့ သီးခြားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။