နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်တဲ့ အထူးအယူခံအမှုတွေကို အောက်တိုဘာ ၆ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
တရားရေးနဲ့နီးစပ်သူတဦးက “နေပြည်တော်က လရောင်တောနဲ့ ပတ်သက်တဲ့အမှု၊ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အမှုနဲ့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နဲ့ပတ်သက်တဲ့ အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံတင်ထားတာ။ အဲဒါကို လက်ခံသင့်မသင့် ဆုံးဖြတ်တာမှာ ပယ်လိုက်တာ” လို့ ပြောပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမှုတွေနဲ့ပတ်သက်ပြီး တင်တဲ့ အထူးအယူခံအမှုတိုင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချနေတာကြောင့် ရှေ့ဆက်လုပ်ဆောင်ဖို့ကို ရှေ့နေတွေအနေနဲ့ ဆွေးနွေးပြီး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
“အထူးအယူခံတွေ ဆက်တက်လို့ရသေးရင်တော့ တက်နေဦးမှာပဲ။ ရတဲ့အခွင့်အရေးကိုတော့ လုပ်နေဦးမှာပဲ” လို့ ရှေ့နေတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အမှုတွေနဲ့ပတ်သက်ပြီး အမှုသည်နဲ့ ရှေ့နေတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် တွေ့ဆုံခွင့် တောင်းထားတာကိုလည်း စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တွေ့ခွင့်မပေးသေးပါဘူး။
စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် စုစုပေါင်း ၂၇ နှစ် အမိန့်ချထားပါတယ်။