မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းမှာ အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထီးရိုးတောင်တက်လမ်း မိုင်တိုင်အမှတ် ၇ မိုင် ၄ ဖာလုံ ရှိ ရသေ့တောင် ယာဉ်ရပ်နားစခန်း အနီးမှာ မြေပြိုကျခဲ့တာဖြစ်ပြီး မြေပြိုမှုအန္တရာယ်ဆက်လက် ဆိုးရွားနိုင်တာကြောင့် တောင်တက်ကား ပြေးဆွဲတာကို ရပ်ထားတယ်လို့ တောင်တက်မော်တော်ကားမောင်းသမား တယောက်က ပြောပါတယ်။
"မိုးကဆက်တိုက်ရွာနေတော့ မြေသားတွေ နူးပြီးပြိုကျတာပါ။ လက်ရှိက ထပ်ပြိုကျနိုင်လို့ တောင်တက်ကား ပြေးဆွဲတာကို ခဏနားထားတာပါ။ မိုးကဆက်ရွာနေတုန်းပဲ မကြာခင်လည်း တောင်က ဖွင့်တော့မယ်ဆိုတော့ ရာသီဥတုအခြေအနေပြန်မှန်ချင်နေပြီး။ မိုးထပ်ရွာပြီး တောင်တက်ကားလမ်း မြေသားမပြတ်ကျသွားပါစေနဲ့ ဆုတောင်းနေရတယ်။ အလုပ်ကောင်းကောင်းမွန်မွန်မလုပ်ရတာ လေးနှစ်လောက်ရှိနေပြီး။ စားဝတ်နေရေးလည်း တော်တော်ထိခိုက်နေပါပြီ။”
ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းစခန်းကျေးရွာမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်မှုတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "တောင်ဖွင့်ဖို့ ရက်ပိုင်းပဲလိုတော့တာဆိုတော့ ဆိုင်တွေပြင်ဆင်နေတုန်းမှာ မိုးက သည်းသည်းမဲမဲရွာပြီးရေမြုပ်သွားတာ။ အခုတော့အများကြီးတော့ မတက်သေးပါဘူး။ ဒီနှစ်မျှော်လင့်ထားကာမှ ရာသီဥတုထမဖောက်ဖို့ မျှော်လင့်ပါတယ်" လို့ပြောပါတယ်။
ကိုဗစ်ရောဂါ ကပ်ဘေးနဲ့ နိုင်ငံရေးပြဿနာကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ကျိုက်ထီးရိုးမှာ ဘုရားဖူးလာရောက်မှုနည်းသွားပြီး ကျိုက်ထီးရိုးဘုရားကို မှီခိုပြီးစားသောက်နေရတဲ့ဒေသခံတွေ စာဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
ကျိုက်ထိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်တာကြောင့် လူ ၆၀၀ နီးပါး ရေဘေးရှောင်နေရပါတယ်။