စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆည်တောရွာက ဒေသခံအမျိုးသားတယောက်ကို အောက်တိုဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကမ္ဘာနီနဲ့ ဆည်တောရွာက နီးတယ်။ အဲဒီဂိတ်က စစ်သားတွေက ရွာကို အဝင်အထွက်ရှိတယ်။ သူတို့ဂိတ်ကို ဟင်းချက်စရာ လာပို့ပါဆိုလို့ ဦးအုပ်မောက သွားပို့တာ။ အဲဒီမှာပစ်သတ်ခံရတာ။"
ဦးအုပ်မောကို ဘာကြောင့် ပစ်သတ်တယ်ဆိုတာ စစ်ကောင်စီက မပြောဘဲ အလောင်းလာကောက်ဖို့ပဲ ပြောတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကမ္ဘာနီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေနည်းပြီး အများအားဖြင့် ကြံသာရွာက ပျူစောထီးတွေပဲ အလှည့်ကျ တာဝန်ယူ ကင်းစခန်းစောင့်နေရတာ ဖြစ်ပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဘက်ကတော့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးရာတွေမှာ နေထိုင်ကြဖို့ပြောဆိုထားတာတွေ ရှိပါတယ်။
ကလေးမြို့နယ်မှာ စက်တင်ဘာလအတွင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ရိုက်နှက်မှုတွေကြောင့် အရပ်သား ၆ ယောက်သေဆုံးခဲ့ပြီး အခု အောက်တိုဘာ ၇ ရက်နေ့ကလည်း စစ်ကြောင်းဝင်လာလို့ ထွက်ပြေးဖို့ပြင်နေရင်း ကလေးမြို့နယ်၊ စက္ကန့်ရွာက မြေးအဘွား ၂ ယောက် သတ်ဖြတ်ခံခဲ့ရပါသေးတယ်။