ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ရွာက စစ်ကောင်စီရဲ့ ကင်းစခန်းကို အောက်တိုဘာ ၇ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၅ တို့ပူးပေါင်းအဖွဲ့နဲ့ ၃ နာရီကြာတိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
တိုက်ပွဲဖြစ်နေတုန်း စစ်ကောင်စီဘက်က စစ်ကူတွေလာလို့ တော်လှန်ရေးတပ်တွေက စခန်းကို မသိမ်းနိုင်ဘဲ ပြန်ဆုတ်လာခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တော်လှန်ရေးရဲဘော် ၁ ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတဘ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းရွာနဲ့ ထန်းကုန်ရွာကြား သစ်ပုတ် တာဝါတိုင်အထိုင်စခန်းက ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅ ယောက်ပါ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၆ ရက် ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့လို့ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။