ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာက ဘူတာရုံစစ်ဘေးရှောင် စခန်းမှာ အောက်တိုဘာ ၈ ရက် ဒီနေ့လယ်ပိုင်းက စစ်ကျန်လက်နက်ပေါက်ကွဲပြီး အသက် ၁၁ နှစ်အရွယ် မောင်နေတိုးဟိန်းက နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မောင်မျိုးဇော်ဟိန်းနဲ့ ၆ နှစ်အရွယ် မောင်မျိုးချစ်ဦးကတော့ ဒဏ်ရာရခဲ့တာပါ။
မောင်မျိုးဇော်ဟိန်းမှာ အမျိုသားအင်္ဂါ ဒဏ်ရာရလို့ စစ်တွေဆေးရုံကြီးကို အရေးပေါ် ပို့ထားရပြီး မောင်မျိုးချစ်ဦးမှာတော့ ဒဏ်ရာမပြင်းထန်တာကြောင့် ယိုးတရုတ် တိုက်နယ်ဆေးရုံမှာပဲ ကုသနေတယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“ပေါက်ကွဲတာက နေ့လယ် ၁၁ နာရီ ၂၀ လောက်မှာ စခန်းအတွင်းမှာ ပေါက်ကွဲတာဖြစ်တယ်။ အခု စခန်းချထားတဲ့ နေရာမှာက ပထမအကြိမ် တိုက်ပွဲကာလတုန်းက စစ်ကောင်စီတပ်က တပ်စွဲပြီးနေထိုင်ခဲ့ကြတာ်လို့ သိရတယ်။ အဲဒီက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက် ပေါက်ကွဲတာဖြစ်ပြီး စခန်းအတွင်းမှာ ပေါက်ကွဲတာဖြစ်တာကြောင့် နောက်ထပ်လည်း ပေါက်ကွဲမှုဖြစ်မှာကို တော်တော်လည်း စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်" လို့ပြောပါတယ်။
အခု သေဆုံး ဒဏ်ရာရခဲ့တဲ့ ကလေးတွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓါကျေးရွာက ဖြစ်ကြပြီး တကျော့ပြန်တိုက်ပွဲအတွင်းမှာ စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ၃ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပြီး ၂၀၂၂ ခုနှစ်ကလည်း ၁၀ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။