ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်လမ်းမှာရှိတဲ့ ကိုးတန်ကောက်တံတား ပျက်စီး နေတာကြောင့် အောင်တိုဘာ ၇ ရက်နေ့က စပြီး ကားကြီးတွေ ဖြတ်သန်း သွားလို့မရဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။
ဘူးသီးတောင်-မောင်တော-စစ်တွေ ပြေးဆွဲနေကြတဲ့ ခရီးသည်တင် အမြန်ယာဉ်တွေ အပြင် မောင်တောကို ကုန်စည်တွေပို့နေတဲ့ ကုန်တင်ကားကြီးတွေပါ သွားလာမရဘဲ သောင်တင်နေကြတာပါ။
ကားသမားတယောက်က “ကိုးတန်ကောက်တံတား အောက်ခံကြမ်းခင်းတွေ ဆွေးမြည့် သွားတာပါ။ အောက်တိုဘာ ၇ ရက်နေ့ကစပြီး ပြုပြင်နေတယ်။ ကားကြီးတွေ သွားလို့ မရသေးဘူးဗျ။ ဘယ်နှစ်ရက်ကြာမယ်ဆိုတာမသိသေးဘူး။ အိမ်စီးကားတွေတော့ သွားခွင့်ပြုထားတယ်” လို့ ပြောပါတယ်။
အငူမော် - မောင်တောလမ်းပိုင်းမှာ တည်ဆောက်ဖို့ကျန်နေတဲ့ တံတားတွေကို Asia World Co.Ltd က ၂၀၁၈ ခုနှစ်မှာ တာဝန်ယူဖောက်လုပ်ခဲ့တုန်းက ယာယီဘေလီ တံတားတွေထိုးပေးပြီး မိုးတွင်းကာလ သွားလာနိုင်အောင်လုပ်ပေးခဲ့ပေမဲ့ တံတားအများစုရဲ့ အောက်ခံကြမ်းခင်းတွေ ပျက်စီးလာတာပါ။
မောင်တော အငူမော် ဆိပ်ခံတံတားနဲ့ မောင်တော အလယ်သံကျော် ကံဘူး တံတားက စပြီး အငူမော်လမ်းတလျှောက်က တံတားအစင်း ၁၀၀ နီးပါးကို ၂၀၀၅ ခုနှစ်မှာ BAJ (Bright Asia Japan) အဖွဲ့အစည်း က တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ဆိပ်ခံတံတားနဲ့ တံတားတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဆီ လွှဲပေးခဲ့တာဖြစ်ပါတယ်။