Home
မြန်မာသတင်း
မမိုးမြင့်၏မိခင်အား သေနတ်သမား၏ဖခင် လာရောက်တောင်းပန်
DVB
·
October 8, 2023

ဘန်ကောက်မြို့၊ ဆယမ်ပါရာဂွန် ကုန်တိုက်အတွင်း ပစ်ခတ်မှုမှာ အသက်သေဆုံးခဲ့ရတဲ့ မမိုးမြင့်ရဲ့ မိခင်ကို သေနတ်သမားရဲ့ ဖခင်က အောက်တိုဘာ ၆ ရက် သောကြာနေ့မှာ ကိုယ်တိုင်လာရောက် တောင်းပန် အရိုအသေပြုခဲ့ပါတယ်။

မမိုးမြင့်ရဲ့ဈာပနကို ဒီကနေ့ အောက်တိုဘာ ၈ ရက် တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီအချိန်မှာပြုလုပ်သွားမှာ ရုပ်အလောင်းကို ဘန်ကောက်မြို့အနီး နွန်ထပူရီခရိုင်၊ ပတ်ကလေမြို့နယ် ဘန်ဖုရပ်ကွက်က ဘုန်းကြီးကျောင်းတခုမှာ ထားရှိပါတယ်။

မမိုးမြင့်ရဲ့ အလုပ်ရှင်သူဌေးကတော့ မမိုးမြင့်ရဲ့ မိခင်ဆီ မမိုးမြင့် လစဉ် ထောက်ပံ့နေကျ ငွေကြေး ဘတ်ငွေ ၁၀,၀၀၀ (မြန်မာငွေ ကျပ် ၁၀ သိန်းဝန်းကျင်) ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ထိုင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ဆယမ်ပါရာဂွန် ကုန်တိုက်ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့မမိုးမြင့်နဲ့ တရုတ်အမျိုးသမီးတို့အတွက် မိသားစုဝင်တွေဆီ ဘတ် ၅ သန်းစီ ထောက်ပံ့သွားမယ်လို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံဇာတိ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ပြီဖြစ်ပါတယ်။

နာတာရှည်ရောဂါသည်မိခင်ကို အလုပ်အကျွေးပြုနေတဲ့ သေဆုံးသူ မမိုးမြင့်ဟာ Siam Center မှာရှိတဲ့ Take Toys ဆိုင်ဝန်ထမ်းတယောက်ဖြစ်ပြီး Siam Paragon ကုန်တိုက်မှာရှိတဲ့ ဘန်ကောက်ဘဏ်ခွဲမှာ ငွေသွင်းဖို့ လာရောက်ချိန် ပစ်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024