မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက စာသင်ကျောင်းနဲ့ လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံ ၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ မြိုင်မြို့နယ်ထဲကို စက်တင်ဘာ ၂၆ ရက်နေ့ ကတည်းက စစ်ကြောင်းထိုးနေပြီး ဝက်ကျကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းက ရက်ပိုင်းအထိုင်ချနေထိုင်ပြီး အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းမှာ ကြားကာလပညာသင် စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒေသခံတယောက်က “စာသင်ကျောင်းက အရင်က ကားလမ်းဘေးမှာဖွင့်တာ။ စစ်ကြောင်း အန္တရာယ်ရှိလို့ ရွာထဲပြောင်းဖွင့်ထားတာ မကြာသေးဘူး” လို့ ပြောပါတယ်။
ဒါ့အပြင့် ရွာထဲဝင်ပြီး ရိက္ခာသယ်ယူတဲ့ ဝက်ကျကျေးရွာသား ၂ ယောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အခုအချိန်ထိ သတင်းမကြားရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အောက်တိုဘာ ၅ ရက်နေ့၊ မနက် ၈ နာရီကစပြီး မြိုင်မြို့နယ်၊ နှောပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၄ လုံး၊ တဲအိမ် ၂ လုံး၊ ဆိုင်ကယ် ၂ စီး၊ ပဲမှုန့်ကြိတ်စက် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
နှောပင်ရွာသားတယောက်က “အိမ်ပျက်စီးတဲ့ သူတွေကိုတော့ ရွာက နိုင်သလောက် နေထိုင်ဖို့ တဲလေးတွေစီစဉ်ပေးရမှာပေါ့။ စစ်ကြောင်းမပြန်သေးတော့ ရွာထဲက ပြန်နေလို့မရသေးဘူး” လို့ ပြောပါတယ်။
ပခုက္ကူဘက်ကနေလာတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ဘုန်းကန် ပျူစောထီးရွာက စစ်ကြောင်းတို့ပူးပေါင်းပြီး စက်တင်ဘာ နောက်ဆုံးပတ်မှာ မြိုင် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျောက်ဆောက် ရွာသစ်ရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာလည်း စိုင်းကောင်းရွာက အိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဝင်ရောက်နေတာကြောင့် မြိုင်မြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာ ၂၀ ကျော်က ဒေသခံ ထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။