စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ မနေ့က လူငယ် ၄ ယောက်ဟာ ဆိုင်ကယ် ၁ စီးနဲ့ ဘောလုံးကွင်းကိုသွားနေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်လို့ ၁ ယောက် သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ ရင်းနှီးသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က အသက် ၂၀ အောက် လူငယ် ၄ ယောက်ဟာ ယူ-၁၇ လူငယ်ဘောလုံးပြိုင်ပွဲကို ဆိုင်ကယ် ၁ စီးနဲ့ ဘောလုံးကွင်းကိုသွားနေတုန်း တာဟန်းဖူးလား အေဂျီဘုရားကျောင်း(Than Fuller AG Church)နားအရောက် တာဟန်းရပ်ကွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပစ်ခတ်ခဲ့တာပါ။
မိသားစုနဲ့ရင်းနှီးသူတယောက်က “ဆိုင်ကယ် ၁ စီးတည်းကို ၄ ယောက်စီးလို့ ပစ်တာလို့ သိရတယ်။ အဲဒီ ကလေးတွေက အဲလို သွားလာနေကျပဲ။ သူတို့(စကစ)မိသားစု သားသမီးတွေနဲ့လည်း ရင်းနှီးကြတယ်။ ဘောလုံး အတူကန်ကြတာ။ အခုကလည်း ဘောလုံးပြိုင်ပွဲကို သွားကြရင်းဖြစ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူဟာ ဆိုင်ကယ်နောက်ဆုံးက လိုက်ပါစီးနင်းလာတဲ့ မောင်လျန်မွမ်းစိန်ဖြစ်ပြီး အသက် ၁၇ နှစ် အရွယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ကလည်း ဆိုင်ကယ် ၁စီးကို အမျိုးသား ၂ ယေံာက်စီးတယ်ဆိုပြီး မင်္ဂလာဥယျာဉ်ရပ်ကွက်၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ပျူစောထီးတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူငယ် ၁ ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၇ ရက်နေ့က တာဟန်းရပ်ကွက်၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မဟွဲ့ဘွဲ့ကို ကလေးမြို့၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှာ ချုပ်နှောင်စစ်ကြောခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။