ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းဆုံနားက PT power ဆီဆိုင်ရှေ့မှာ အောက်တိုဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းက ကား ၄ စီးဆင့်တိုက်မိပြီး လူ ၄ ယောက်သေဆုံး၊ အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မနက် ၇ နာရီ ၁၅ မိနစ်လောက်က လမ်းမကနေ ဆီဆိုင်ကိုဝင်မယ့် လိုက်ထရပ်ယာဉ်ကြောင့် စက်ရုံဖယ်ရီကားက ဘရိတ်အုပ်လိုက်ရာကနေ ကပ်ပါလာတဲ့ ရွှေမန္တလာ Express ကားက ဖယ်ရီကား အနောက်ပိုင်းကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ပုလဲအရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတယောက်က “ဆီဆိုင်နားမှာ ရှေ့ကားကို ဘရိတ်အုပ်လိုက်တဲ့ ဖယ်ရီကားကို Express ကားက ဝင်တိုက်မိတာ။ ထပ်ပြီး မြောက်ဥက္ကလာကနေ ထောက်ကြန့်ဘက်ကို မောင်းလာတဲ့ ပရိုဘောက်ကားကို ထပ်တိုက်မိတာ။ ကားပေါ်ပါ အမျိုးသမီး ၂ ယောက်နဲ့ ကလေးကတော့ သေဆုံး။ ၁ ယောက်က ဆေးရုံရောက်မှ ဆုံးပါတယ်။ Express အတိုက်ခံရတဲ့ ဖယ်ရီကားက တွဲကားကို ထပ်တိုက်မိပါတယ်။ လူနာက ဖယ်ရီပေါ်က ၁၉ ဦး၊ ပရိုဘောက်က ၁ ဦး အားလုံး အယောက် ၂၀ ပါ” လို့ ပြောပါတယ်။
ရွှေမန္တလာ Express ဟာ လမ်းကြောတဖက်ခြမ်းက မောင်းနှင်လာတဲ့ ပရိုဘောက်ကားကို ထပ်မံဝင်တိုက်မိပြီး ကားပေါ်ပါ လူ ၅ ယောက်ထဲက ယာဉ်မောင်းအမျိုးသား ၁ ယောက်နဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတို့မှာ စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ၊ အသက် ၂ နှစ် မိန်းကလေးငယ် ၁ ယောက်၊ အသက် ၆၀ အမျိုးသမီး ၁ ယောက်နဲ့ အသက် ၃၀ ကျော် အမျိုးသမီး ၁ ယောက်တို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ယာဉ်တိုက်မှုနေရာကို မင်္ဂလာဒုံမြို့နယ် မီးသတ်ယာဉ် ၁ စီး၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့က ရှာဖွေကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဝင်တိုက်ခံရတဲ့ ZKG အထည်ချုပ်စက်ရုံ ဖယ်ရီကားပေါ်က ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး ၁၆ ယောက်၊ အမျိုးသား ၃ ယောက်၊ စုစုပေါင်း ၁၉ ယောက်နဲ့ ပရိုဘောက်ယာဉ်က ထိခိုက်ဒဏ်ရာရရှိသူ ၂ ယောက်ကို ပုလဲ အရန်မီးသတ် လူနာတင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ပရိုဘောက်ယာဉ်က အသက် ၃၀ အရွယ်အမျိုးသမီးဟာ ဆေးရုံမှာ ထပ်မံ သေဆုံးသွားပါတယ်။