ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့မှာ အောက်တိုဘာလကစပြီး တာဝန်ရှိသူမှအပ ည ၈ နာရီကျော်လွန်ပြီး အပြင်ထွက် သွားလာသူတွေကို စစ်ကောင်စီက ပစ်မိန့်ပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အသစ်ပြောင်းလဲခန့်အပ်ပြီးနောက် တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲ့မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ လုံခြုံရေး တင်းကျပ် စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် တရားဝင်အမိန့်ထုတ်ပြန်တာမရှိဘဲ နှုတ်မိန့်နဲ့ အသိပေးတာ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လှိုင်းဘွဲ့မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အချိန်လွန်သွားလာသူတွေကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “လုံနယ်အသစ်လက်ထက်မှာ အမိန့်ထုတ်တာ။ မြို့တွင်းနဲ့ မြို့အဝင်အထွက်တွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ စစ်ဆေးတာတွေ ပိုလုပ်လာတော့ အပြစ်မရှိဘဲ မတရားဖမ်းခံရမှာ ကြောက်နေရတယ်။ ကျေးလက်က လူတွေ ကျန်းမာရေးအတွက် ညဘက်အရေးပေါ်သွားလာဖို့တောင် အခက်အခဲရှိတယ်" လို့ ပြောပါတယ်။
လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့် (DGF)တပ်တွေနဲ့ နယ်မြေခံ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားတာမရှိပဲ အခုလို့ ပစ်မိန့်ပေးတဲ့အပေါ် စစ်ကောင်စီက တပ်တွေ၊ ရဲစခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရမှာကို စိုးရိမ်နေတာလို့ ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းက ဘားအံမြို့ တပ်မ ၂၂၊ မြို့မရဲစခန်း၊ သံလွင်တံတား စစ်ဆေးရေးဂိတ်အပါအဝင် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ကမမောင်းမြို့က ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးနောက် ထပ်မံမတိုက်ခိုက်ခံရရေး နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။