မလေးရှားနိုင်ငံ၊ ကီဒက်ပြည်နယ်၊ ပီတာနီမြို့ ညဈေးမှာ ဟင်းသီးဟင်းရွက်ရောင်းနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို အောက်တိုဘာ ၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ကီဒက် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မလေးနိုင်ငံသားတဦးဟာ အောက်တိုဘာ ၁ ရက်က ပီတာနီမြို့ ညဈေးမှာ နိုင်ငံခြားသားအများစု ဈေးရောင်းချနေတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို တိုင်ကြားထားတဲ့အတွက် ညဈေးဧရိယာတဝိုက်မှာ စောင့်ကြည့်နေပြီး အောက်တိုဘာ ၄ ရက် ည ၆ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ကာ ဈေးရောင်းနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ မြန်မာနိုင်ငံသားတဦးဟာ UNHCR ကတ် ရှိတာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး စာရွက်စာတမ်း အထောက်အထားမပါရှိတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို တရားမဝင် ဝင်ရောက်နေထိုင်မှု၊ တရားမဝင် ဈေးရောင်းချမှုတို့နဲ့ ကီဒက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဆက်လက်စစ်ဆေးနေတယ်လို့ ကီဒက် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ (PATI) ကို အလုပ်ပေးတာနဲ့ ခေါ်ယူထားပါက ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။