Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
October 6, 2023
Pharuso_SAC_AirStrike_01_06102023
Pharuso_SAC_AirStrike_02_06102023
Pharuso_SAC_AirStrike_03_06102023

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတရွာမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတယောက် ထိခိုက်သွားပြီး  စာသင်ကျောင်းနဲ့  အဆောက်အဦတချို့ ပျက်စီးသွားပါတယ်။

အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီလောက်က ဖရူမြို့နယ်ရှိ  စစ်ကောင်စီရဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကနေပြီး အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသမီးတယောက် ဦးခေါင်းနဲ့ ကျောမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို နွားတကောင်လည်း သေဆုံးခဲ့ရကြောင်း ဖော်ပြပါတယ်။

အဆိုပါနေ့ ည ၁၀ နာရီကျော်မှာလည်း စစ်တပ်က လက်နက်ကြီး ၁၀ လုံးလောက်နဲ့ ကျေးရွာဘက်ကို ဦးတည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာ ၄ ရက်ကလည်း အဆိုပါ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကနေ တာဝေးပစ် ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရွာထဲကို ၅ လုံးကျရောက်ကာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၄ ရက်၊ ည ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့  နေပြည်တော်လေတပ်စခန်းနေကနေ ဂျက်တိုက်လေယာဉ် တစီး  ဖရူဆိုမြို့အရှေ့ဘက်ခြမ်း တနေရာမှာ  ဗုံး ၂ လုံး ကြဲချခဲ့လို့ လူနေအိမ် ၃ လုံး၊ ကျောင်းဆောင် ၃ ဆောင်၊ ဝန်ထမ်းအိမ်ရာ  ၁ လုံး၊ ကျောင်းအိမ်သာ ၅ လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လတ်တလော ကျောင်းပိတ်ထားရပြီး ကျေးရွာသူရွာသားတွေလည်း နေအိမ်မှာ မအိပ်ရဲတော့ဘဲ တောထဲသို့ ပြောင်းရွေ့ ညအိပ်နေကြရပါတယ်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်ရှေ့ဘက်ခြမ်း ကျေးရွာတချို့နဲ့  စစ်ရှောင် စခန်းအချို့ ထပ်မံပြောင်းရွှေ့နေရသလို   ထိတ်လန့်မှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်နှစ်ယောက် ကလေးအသေ မွေးဖွားခဲ့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024