ဥရောပအာဏာပိုင်တွေ အလိုရှိနေတဲ့ ပြင်သစ် မူးယစ်ဆေး မှောင်ခိုကူးသူ ဒီယာလို အာမယ်ဒို ဘွိုင်းကို အောက်တိုဘာ ၄ ရက်က ကိုလံဘီယာလေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။
အမ်ဘာပေလို့လည်း သိကြတဲ့ အသက် ၃၂ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ဒီယာလို အာမယ်ဒို ဘွိုင်းကို အင်တာပိုလ်က အနီရောင်သတိပေးချက် ထုတ်ပြန်ထားတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးနဲ့ အင်တာပိုလ်ရဲ့ ဒါရိုက်တာဖြစ်သူ ဗိုလ်ချုပ်ကြီး ရှိုဇေ လူးဝစ္စ ရာမီရက်ဇ်က ပြောပါတယ်။
အမ်ဘာပေဟာ ဥရောပရဲ့ အလိုအရှိဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေထဲက တဦးဖြစ်ပြီး အကြီးစား ကိုကင်း ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်တဲ့ ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ရာမီရက်ဇ်က ပြောဆိုပါတယ်။
မှောင်ခိုကူးတဲ့ အယ်ကာလွိုက်ကို တောင်အမေရိက ကနေ ဥရောပနဲ့ အာဖရိကရှိ ဆိပ်ကမ်းတွေဆီ ပို့ဆောင်ခဲ့တာဖြစ်ပြီး လုပ်ငန်းလည်ပတ်တဲ့ သူ့ရဲ့ဌာနချုပ်ကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ရှိတယ်လို့လည်း ဆိုပါတယ်။
ရာဇဝတ်မှုမျိုးစုံအတွက် ပြင်သစ်အာဏာပိုင်တွေ တောင်းဆိုထားတဲ့ တရားခံလွှဲပြောင်းရေး ရည်ရွယ်ချက်နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ဒီဖမ်းဆီးခံရသူကို နိုင်ငံတကာရေးရာရုံးမှတဆင့် နိုင်ငံတော်ရှေ့နေချုပ်က လက်ဝယ် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
Source/Photo-Reuters