တိုက်ပွဲကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ်က ကဇူးယန်ကျေးရွာမှာ တိမ်းရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံ စစ်ဘေးရှောင်တွေဟာ အောင်မြေ(၁) ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။
လက်ရှိ ပြောင်းရွေ့နေထိုင်တဲ့ အောင်မြေ (၁) ကျေးရွာမှာ စစ်ရှောင်နေရာကို ဩဂုတ်လကတည်းကနေ သက်ဆိုင်ရာ KBC အသင်းတော်ဇုံနယ်တာဝန်ရှိသူတွေက ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။
“ကဇူးမှာ ဆမားဇုန်နယ်ရုံးရှိတယ်။ ဆမားဇုန်နယ်ရုံးမှာ နမ်ဆန်ယန်ဘက်မှာ စစ်ဖြစ်တော့ ပြည်သူတွေက တချို့တလေကတော့ မိမိအစီအစဥ်နဲ့ တိမ်းရှောင်သွားတဲ့သူတွေ ရှိတယ်။ တချို့ အိမ်ထောင်စု ၂၀ နီးပါးကို တစုတစည်းတည်းနဲ့ ဆမားဇုန်နယ်ရုံးမှာ ခေတ္တခဏခိုလှုံတိမ်းရှောင်နေတာတော့ ရှိတယ်။ အဲတာကို ဆမားဇုန်နယ်ရဲ့ လူကြီးတွေ သူတို့အစီအစဥ်ရှိတယ်။ အခုအချိန်မှာ ခက်ခဲနေတဲ့ မြို့ပေါ် စခန်းတွေက စစ်ဘေးရှောင်တွေကိုပါ အောင်မြေ ၁ မှာ တိမ်းရှောင်ဖို့အထိ စဥ်းစားထားတယ်။ ဒီအခြေအနေမှာ နမ်ဆန်ယန် စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၀ ကိုလည်း ထားမယ်ပေါ့။ အောင်မြေ ၁ မှာရှိတဲ့ ဘောလုံးကွင်းနံဘေးမှာ ဟုတ်တယ်။ သူတို့ ဆောက်လုပ်နေတယ်။ အခန်း ၂၀ အဆောင် ဖြစ်တယ်။ ဒါပေမဲ့ မပြီးသေးချင် ပြောင်းရွှေ့ခါနီးမှာ စစ်ဖြစ်နေတဲ့ အခြေအနေ အတောအတွင်းမှာ ပြည်သူ့စစ်ဘက်က ဖမ်းပြီးနောက် အန္တရာယ်ရှိတယ်ဆိုပြီး ပြောင်းမိန့်ကျလာတာ။ ဘာမှ မပြင်ဆင်ထားတဲ့နေရာကို ပြောင်းရွှေ့တာတော့ မဟုတ်ပါဘူး။”
ကဇူးယန်ကျေးရွာနဲ့ ရွာအထက်ဘက် ဆမားလမ်းခွဲတလျှောက် နေ့စဉ် ပစ်ခတ်မှုတွေရှိနေကြပြီး ကဇူးယန်ကျေးရွာ ဒေသခံတွေနဲ့ ဆမားလမ်းခွဲတလျှောက်က ရွာသားတွေကတော့ ဆက်လက်နေထိုင်နေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ ကဇူးယန်စခန်းမှာ ပစ်ခတ်မှုတွေရှိတဲ့ အချိန်တွေမှာတော့ အနီးအနားတစ်ဝိုက်က ဒေသခံတွေဟာ ခေတ္တတိမ်းရှောင်ကြပြီး သေနတ်သံတွေငြိမ်သွားရင် မိမိနေအိမ်ကို ပြန်လာနေထိုင်ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းတွေ ဆောက်လုပ်တာ မပြီးစီးသေးပေမဲ့ လုံခြုံရေးအခြေအနေအရ အမြန်ပြောင်းရွှေ့လိုက်ရတာ ဖြစ်သလို ကချင်ပြည်နယ် စစ်ကောင်စီရဲ့ နယ်လုံဝန်ကြီးဘက်ကလည်း နမ်ဆန်ယန်စစ်ရှောင်တွေကို ကဇူးကျေးရွာကနေ အောင်မြေ(၁)ဘက်ကို ပြောင်းရွှေ့ဖို့ ညွှန်ကြားလာတာကြောင် စစ်ရှောင် အိမ်ထောင်စု ၂၀ ခန့် လူဦးရေ ၅၀ကျော် ပြောင်းရွှေ့နေထိုင်နေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဝန်ကြီးချုပ်ကနေ ရွှေ့ပြောင်းရမယ်ဆိုပြီးတော့ ခရိုင်မှူးတိုက်ရိုက်လာပြီးတော့ လာဆွေးနွေးတယ်။ အပြီးရွှေ့ဆိုပြီးတော့ ဝန်ကြီးချုပ်ကနေ အမိန့်ရလာလို့ ရွှေ့ရတာ ဖြစ်တယ်။ ရွှေ့ပြောင်းတာက အောင်မြေ ၁ အောင်မြေ ၂ နေမှာ နေရာရွှေ့ပြောင်းပေးတယ်။ အသင်းတော်ကားတွေနဲ့ ရွှေ့ပြောင်းတာ ဟုတ်တယ်။ သူတို့ကတော့ ရွှေ့ပြောင်းတုန်းက တခြားကူညီတာတော့ မရှိဘူး။ အသင်းတော်က ဝိုင်းဝန်းပြီး ကူညီပေးတာ။”
နမ်ဆန်ယန်ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပြည်နယ်အတွင်းမှာ ပထမဦးဆုံး နေရပ်ပြန်ခွင့်ရရှိခဲ့ကြတဲ့ ဒေသခံတွေဖြစ်ကြပြီး ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီကနေ နမ်ဆန်ယန်ကျေးရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒုတိယအကြိမ်အနေနဲ့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။
ဝိုင်းမော် - လိုင်ဇာလမ်းတစ်လျှောက်မှာ ဇူလိုင်လ ပထမအပတ်ကတည်းက စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးနေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်( ကေအိုင်အေ)နဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ရေး တင်းမာနေပါတယ်။
ဟန်န