မြန်မာအမျိုးသမီးအပါအဝင် ၂ ယောက်သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ထိုင်းလူငယ်ဆီ လက်နက်တွေကို တရားမဝင် ရောင်းချခဲ့တယ်လို့ သံသယရှိသူ အမျိုးသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ကုန်တိုက်ထဲမှာ ပစ်ခတ်မှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်နဲ့ တရုတ်နိုင်ငံသား အမျိုးသမီးတို့ သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တာပါ။
သေနတ်သမား အသက် ၁၄ နှစ် အရွယ် ထိုင်းဆယ်ကျော်သက်ကို ပြုပြင်မွမ်းမံထားတဲ့ သေနတ်အလွတ်တလက်ကို ရောင်းချခဲ့ကြောင်း သံသယရှိသူ ၄ ဦးထဲက ၂ ဦးကို ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဖမ်းမိခဲ့ပြီး နောက် ၂ ဦးကိုတော့ တောင်ပိုင်းက ယာလာခရိုင်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ၁၄ နှစ်သား ဆယ်ကျော်သက်ကိုတော့ ကြိုတင်ကြံစည် လူသတ်မှုနဲ့ တရားမ၀င် သေနတ်လက်ဝယ်ထားရှိမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ ရှားပါးပေမဲ့ သေနတ်ကိုင်ဆောင်မှုနဲ့ သေနတ်အကြမ်းဖက်မှုတို့ကတော့ အဖြစ်များပါတယ်။
လက်နက်ပိုင်ဆိုင်မှု စည်းမျဥ်းတွေက တင်းကျပ်ပေမဲ့ လက်နက်တွေကို ပြုပြင်မွမ်းမံနိုင်ပြီး တရားမဝင် ရယူနိုင်တာပါ။
သေနတ် အများစုမှာ ပြည်ပက ခိုးသွင်းထားတာဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ သေနတ်အလွတ်တွေ၊ ဘီဘီဂန်းစ် လို့ ခေါ်တဲ့ သတ္တုလုံးတွေနဲ့ ပစ်ခတ်လို့ရတဲ့ လေဖိအားသုံး သေနတ်တွေနဲ့ သေနတ်အတုတွေ တင်သွင်းမှုကို တားမြစ်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters