ကနေဒါနိုင်ငံရှိ မြို့ကြီး ၁၀ မြို့ကျော်မှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲမှာ နေတိုးရဲ့စွက်ဖက်မှုကို ဝေဖန်ကြကာ ကနေဒါကိုလည်း နေတိုးအဖွဲ့ကနေ နုတ်ထွက်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆိုခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်ကတည်းက စတင်နေတဲ့ အဲဒီဆန္ဒပြမှုတွေဟာ အောက်တိုဘာ ၈ ရက်အထိ ကြာမြင့်မယ်လို့ မျှော်လင့်ရပါတယ်။
မြို့တော် ဗန်ကူးဗားမှာ လူတွေဟာ အောက်တိုဘာ ၂ ရက်က ရာသီဥတု အေးနေပြီး မိုးရွာသွန်းနေတဲ့ကြားက သူတို့အသံကို ကြားနိုင်အောင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ အယ်လီဆင် ဘိုဒီးနီက “ကနေဒါအစိုးရဟာ အမေရိကန်အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ လက်ရုံးလို့ သိထားတဲ့ နေတိုးအဖွဲ့ကို ငွေလွှဲပေးနေတာကြောင့် အိုးမဲ့အိမ်မဲ့၊ ငတ်မွတ်ခေါင်းပါးမှု၊ အလုပ်အကိုင်နဲ့ ပညာရေး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေက ဆန္ဒလာပြရတာပါ” လို့ ပြောပါတယ်။
ကနေဒါဟာ အခုချိန်မှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အစိုးရဟာ ဥရောပနဲ့ အဝေးကြီးက စစ်ပွဲအတွက် ငွေကြေးထောက်ပံ့မယ့်အစား ပြည်တွင်းရေးကိုသာ အာရုံစိုက်သင့်ကြောင်း ဆန္ဒပြသူတွေက ပြောကြပါတယ်။
နေတိုးနိုင်ငံ အများအပြားဟာ ယူရေနီယံနဲ့ ပဒေသာဗုံးတွဲတွေ၊ တားမြစ်လက်နက်တွေကို ယူကရိန်းဆီ ပေးပို့နေတာတွေဟာ မျိုးဆက်ပေါင်းများစွာ သေကျေပျက်စီးစေမယ့်အရာပဲလို့ ဆန္ဒပြသူ ဂျနင်းန် ဆိုလန်ကီက ပြောပါတယ်။
အခုချိန်မှာ နေတိုးအဖွဲ့ကြီးဟာ ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းမဟုတ်ကြောင်း လူအများက သဘောပေါက်လာကြပြီလို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
ကနေဒါ အပါအဝင် သူတို့ရဲ့ မဟာမိတ်တွေနဲ့ ဥရောပမှာ စစ်ပွဲတွေ ဆင်နွှဲနေတယ်လို့လည်း ပြောပါတယ်။
ယူကရိန်း အကျပ်အတည်းဟာ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက တနှစ်ကျော် ရှည်ကြာလာခဲ့တာပါ။
အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဟာ ယူကရိန်းကို လက်နက်ကြီးတွေ ဆက်လက်ပေးပို့နေပြီး အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။
ဒီအကျပ်အတည်းကြောင့် ၂ နိုင်ငံစလုံးမှာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ မပြေလည်မှုတွေကို ဖန်တီးနေပြီး ကမ္ဘာ့ကပ်ရောဂါပြီးနောက် ပြန်လည်ထူထောင်ရေးကို သိသိသာသာ နှောင့်နှေးစေခဲ့တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters