တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ အောက်တိုဘာ ၃ ရက် မွန်းတည့်လောက်က ရော်ဘာခြံဥယျာဥ်အတွင်း ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
ကံမော်ကျေးရွာအုပ်စု၊ အုတ်ဖိုမော်ကျေးရွာရှိ ဥယျာဥ်ခြံအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးက ဆိုင်ကယ်ပေါ်တက်ပြီး မောင်းဖို့လုပ်တဲ့အချိန် တရားခံဖြစ်သူက အသင့်ကိုင်ဆောင်လာတဲ့ ဓားနဲ့ ခုတ်သတ်လိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတဦးက “ပြဿနာလည်း ကြီးကြီးမားမား မရှိဘူးဆိုပဲ။ ဆိုင်ကယ်ပေါ်အတက်မှာ ခုတ်တာ။ လူသေအလောင်းတွေကို အုတ်ဖိုမော်ကနေ ကံမော်ပို့တယ်။ ဟိုမှာပဲ မြှုပ်တာလားမသိဘူး။ အားလုံးက ဒီရော်ဘာခြံထဲကပဲ။ တယောက်က ရော်ဘာခြံလူကြီး၊ နှစ်ယောက်က အလုပ်သမားဖြစ်မယ်” လို့ ပြောပါတယ်။
သေဆုံးသူ နှစ်ဦးစလုံးနဲ့ တရားခံဖြစ်သူတို့မှာ အဆိုပါ ရော်ဘာခြံအတွင်း လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ဖြစ်ကြပြီး အခုလို ခုတ်သတ်လိုက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပြီးနောက် တရားခံဖြစ်သူမှာ အုတ်မော်ကျေးရွာက ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပြီး သက်ဆိုင်ရာက တရားခံဖြစ်သူကို ကံမော်ကျေးရွာ ရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု အင်းရှည်ကုန်းရွာမှာ ဥယျာဉ်ခြံကိုသွားတဲ့ အမျိုးသားတဦး လည်လှီးပြီး အသတ်ခံလိုက်ရပါတယ်။