ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအထက်ရပ်ကွက်၊ သြဘာလမ်းနဲ့ ဒဂုံသီရိလမ်းထောင့်က One Stop Mart မှာ အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီလောက်က ဆိုင်ဝန်ထမ်း မိန်းကလေးတွေကို ဓားကိုင်လုယက်ခဲ့တဲ့ လူငယ် ၃ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးပေးခဲ့သူတဦးက “ဆိုင်ထဲက ဝန်ထမ်းမိန်းကလေး ၂ ဦးကို ဓားနဲ့ ထောက်ထားတာကို မြင်တော့ ရပ်ကွက်ထဲကလူတွေစုပြီး ဝိုင်းဖမ်းကြတာ။ လူငယ်လေးတွေပါပဲ။ ကျနော်တို့ ဖမ်းပြီးတာနဲ့ ရဲကရောက်လာတော့ တခါတည်း အပ်ပေးလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဓားထောက် လုယက်မှု ကျူးလွန်သူတွေကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးရာ လုယက်သူ ၄ ဦးအနက် ၃ ဦးကို လုံးထွေးသတ်ပုတ်ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ကျန် ၁ ဦးက လွတ်မြောက်သွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ဓားထောက်လုယက်ခဲ့တဲ့သူတွေကတော့ အသက် ၁၅ နှစ်အရွယ် သီဟဝင်း၊ ကောင်းခန့်ဖြိုးနဲ့ လမင်းအောင် တို့ဖြစ်ပြီး သက်သေခံဓားတွေနဲ့အတူ တာမွေရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကလည်း ကျောက်မြောင်းဈေး ကားမှတ်တိုင်အနီးမှာ အမျိုးသမီးငယ်တဦးဆီက ဆွဲကြိုးလုယူပြီး ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသားတဦးကို ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။