စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ သောင်ကြီးကျေးရွာအနီးမှာ အောက်တိုဘာ ၄ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်လောက်က ဗန်းမောက်မြို့နယ်မှ အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာစဉ် ABSDF တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသား တစ်ဦးက “ဗန်းမောက်ဘက်ကနေ တက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်လောက်က အင်းတော်က သောင်ကြီးရွာနားမှာ ABSDF နဲ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ က တစ်နာရီလောက်ပဲ ကြာတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတော့ ရှိနိုင်တယ်။ ဘယ်နှယောက်လောက် ရှိမလဲတော့ မသိရဘူး”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို လာရောက် သယ်ဆောင်သွားပါတယ်။
သောင်ကြီးကျေးရွာ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်ပြီး ရဟတ်ယာဉ်လာတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကို ဗုံးလာကြဲတယ် ထင်နေတာ။ ဗုံးကြဲတာမဟုတ်ဘဲ သူတို့ဘက်က ထိခိုက် လူနာတွေ လာသယ်သွားတယ်။ ရွာထဲမှာလည်း စစ်တပ်က တပ်စွဲထားတော့ ရွာကလူတွေလည်း ဘေးလွတ်ရာ ရှောင်နေကြတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲနဲ့ နှစ်ဘက် ထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ABSDF ဘက်ကရော စစ်ကောင်စီတပ်ဘက်ကပါ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်ကလည်း အင်းတော်မြို့နယ်၊ မော်တိတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ယောက် သေဆုံးကာ ABSDF မှ ရဲဘော် တယောက်ကျဆုံးပြီး တယောက် ဒဏ်ရာရှိခဲ့ကြောင်း ABSDFက သတင်းထုတ်ပြန်ထားပါတယ်။