ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြန်မာနိုင်ငံသား တရုတ် ကုမ္ပဏီ လုပ်ငန်းရှင် ၁၁ ဦး အောက်တိုဘာ ၁ ရက်မနက်ပိုင်းက တရုတ်နိုင်ငံ လင်ချန်းမြို့မှာ ဖမ်းဆီးခံရတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပတဲ့ (တရုတ် အခေါ် ကျိန်းခမ်း) ကိုးကန့်တောင်ပေါ်ရိုးရာ သီချင်းဆိုပွဲနဲ့ ချစ်ကြည်ရေး အားကစားပြိုင်ပွဲ၊ ကုန်သွယ်ရေး၊ ဈေးရောင်းပွဲ အခမ်းအနား တက်ရောက်ဖို့ မြန်မာလုပ်ငန်းရှင်တွေကို တရုတ်ဘက်က ဖိတ်ကြားခဲ့တာဖြစ်ပြီး တရုတ်လွတ်လပ်ရေးနေ့ (အမျိုးသားနေ့) ဖြစ်တဲ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်မှာ ဖမ်းဆီးခံရတာလို့ နယ်စပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
နယ်စပ်ပို့ကုန် လုပ်ငန်းရှင်တဦးက “လင်ချန်းမှာ။ ၁၀ လ ၁ ရက်နေ့က တရုတ် လွတ်လပ်ရေးနေ့လေ။ အဲဟာ သူတို့ကို ဖိတ်ရင်းနဲ့ တခါတည်း ဖမ်းပစ်လိုက်တာ။ သူတို့ ကျာဖျန် (ငွေလိမ်) ကိစ္စနေမယ်။ ဒီဥစ္စာက သူတို့ ဗိုလ်ချုပ်ရန်နိုင်စိုးနဲ့ ပတ်သက်မှုရှိမယ့်သဘော ရှိတယ်။ ပေကျင်းကို ပို့လိုက်ပြီလို့ ပြောတယ်” လို့ ပြောပါတယ်။
အခမ်းအနားမှာ အယောက် ၈၀ ကျော် စာရင်းပေးထားတဲ့ထဲက အယောက် ၃၀ လောက် တက်ရောက်ခဲ့ပြီး ၁၁ ယောက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ဖမ်းဆီးခံရတဲ့ထဲမှာ ကိုးကန့်ဒေသရဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်းကုမ္ပဏီ ဖြစ်တဲ့ ဖူလီလိုက်ကုမ္ပဏီက ဒါရိုက်တာနဲ့ ကိုးကန့်ဒေသက အရာရှိ အသိုင်းအဝိုင်းတွေ ပါဝင်ကြောင်း ကိုးကန့်ဒေသနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တရုတ်ဘက်ကတော့ ကိုးကန့်ကိုယ်ပိုင်ချုပ်ရဒေသက လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ ယူဆတဲ့ အတွက်ကြောင့် တရုတ်ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖမ်းဆီးချုပ်နှောင်ထားကြောင်းနဲ့ လက်ရှိအခြေအနေမှာ တရုတ်ဘက်က ဥပဒေအရ အမှုတွေကို စစ်ဆေးနေကြောင်း အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးတဲ့နေရာမှာ ကိုးကန့်ဒေသက ပူးပေါင်းပါဝင်မှုမရှိတာကြောင့် တရုတ်ဘက်က သူတို့နဲ့ သက်ဆိုင်တဲ့လူ ၁၀ ယောက်ကျော် ဖမ်းဆီးလိုက်တာလို့ တရုတ် သတင်းတွေမှာ ဖော်ပြပါတယ်။
“အဲဒီ လောင်းကစားတွေ၊ ငွေလိမ်လည်တဲ့သူတွေကို ဖမ်းတဲ့နေရာမှာ ပူးပေါင်းဖို့ သူတို့ မပူးပေါင်းလို့လေ” လို့ နယ်စပ်လုပ်ငန်းရှင် အမျိုးသမီး တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်လောက်ကတည်းက တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွေမှာရှိတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကို နှစ်နိုင်ငံ လုံခြုံရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။