အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ ဆစ်ခင်မ်ပြည်နယ်မှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကနေ ဖြစ်ပေါ်လာတဲ့ လျှပ်တပြက် ရေကြီးရေလျှံမှုကြောင့် အောက်တိုဘာ ၄ ရက်က အိန္ဒိယတပ်ဖွဲ့ဝင် ၂၃ ယောက် ပျောက်ဆုံးနေတယ်လို့ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရေလှောင်တမံကနေ ရေလွှတ်ချအပြီးမှာ လျှံကျလာတဲ့ မြစ်ရေတွေကြောင့် မော်တော်ယာဉ်တချို့ ရေနစ်မြုပ်ကုန်တယ်လို့လည်း ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။
ANI အိန္ဒိယသတင်းဌာနရဲ့ ဗီဒီယိုထဲမှာတော့ ဆင်းင်တန်မြို့က တီးစ်တာမြစ်ရေ မြင့်တက်နေပြီး ရေမြုပ်နေတဲ့ လမ်းပေါ်မှာ လမ်းလျှောက်နေသူတွေကို မြင်တွေ့ရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ထစ်ချုန်းရွာတာတွေကြောင့် အဲဒီဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေကြောင်း အမည်မဖော်လိုသူ စစ်တပ်အရာရှိတဦးက ပြောပါတယ်။
“အခုချိန်ထိ အဆောက်အဦတွေ ပျက်စီးပြီး ပစ္စည်းတွေလည်း ပျက်စီးနေပါပြီ။ လူတချို့ ပျောက်ဆုံးနေတယ်လို့ သတင်းရထားပေမဲ့ အစီရင်ခံစာတော့ ထွက်မလာသေးပါဘူး။ အစိုးရ ယန္တရားတွေ အားလုံး လုပ်ဆောင်နေပါတယ်” လို့ အိန္ဒိယ အာဏာရ ဘီဂျေပီပါတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
Source/Photo-Reuters