အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဟာ လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီကို ရာထူးက ဖယ်ရှားဖို့ အောက်တိုဘာ ၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
အစိုးရရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ့် အခြေအနေကို သီသီကလေး ရှောင်လွှဲပေးပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်လိုက်တာပါ။
ရီပတ်ဘလစ်ကန်အမတ်တွေအကြား အငြင်းပွားမှုတွေကြောင့် ကွန်ဂရက်လွှတ်တော်က ကသောင်းကနင်း ဖြစ်လာတာကြောင့် မဲခွဲပြီး ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
အောက်လွှတ်တော်က ဥက္ကဋ္ဌကို ထောက်ခံမဲ ၂၁၆မဲ ကန့်ကွက်မဲ ၂၁၀ နဲ့ ရာထူးကထုတ်ပယ်တာ သမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။ ဥက္ကဋ္ဌနေရာကို ဘယ်သူဆက်ခံမလဲ ဆိုတာ မသိရသေးပါဘူး။
ဒီကိစ္စမှာ ဖလော်ရီဒါပြည်နယ်က လက်ယာစွန်းရီပတ်ဘလီကန်အမတ် မက်ဂိတ်စ် က အဓိကဦးဆောင်သူပါ။ ဥက္ကဋ္ဌဟာ ဖက်ဒရယ်အသုံးစရိတ် ဖြတ်တောက်ဖို့ သေသေချာချာ မလုပ်ခဲ့ကြောင်း သူက စွပ်စွဲပါတယ်။ သူက ဥက္ကဋ္ဌမက်ကာသီကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။
ရီပတ်ဘလီကန်ပါတီ ထိန်းချုပ်ထားတဲ့ လွှတ်တော်က အစိုးရကို ရပ်ဆိုင်းလုနီးပါးဖြစ်အောင်လုပ်ခဲ့တဲ့ ဒီတနှစ်အတွင်း စိတ်လှုပ်ရှားစရာ ဖြစ်ရပ်ရဲ့ နောက်ဆုံးအပိုင်းလို့ ပြောရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters