အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို အင်ဒိုနီးရှား အစိုးရပိုင် ကုမ္ပဏီတွေကနေ လက်နက်တွေ ရောင်းချနေကြောင်း သံသယရှိတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့အချိန်ကစတင်ပြီး အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၃ ခုကနေ မြန်မာနိုင်ငံကို လက်နက်တွေ ရောင်းချနေခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက အင်ဒိုနီးရှားနိုင်ငံ လူ့အခွင့်အရေးကောင်စီထံ စာပေးပို့ တိုင်ကြားခဲ့တာဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ တရားရေးအကြံပေး ဖာရီအမ်ဆာရီက ပြောပါတယ်။
တိုင်ကြားစာပေးပို့ခဲ့တဲ့ အဖွဲ့တွေထဲမှာ မြန်မာနိုင်ငံက ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ Myanmar Accountability Project တို့အပြင် အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ဟောင်း လူ့အခွင့်အရေးအကျိုးဆောင် မာဇူကီဒါရုစ်မန်တို့လည်း ပါဝင်ပါတယ်။
Myanmar Accountability Project ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်အဖွဲ့ဝင်တွေကို အပြစ်ပေး အရေးယူနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
သူတို့ရဲ့ တိုင်ကြားစာထဲမှာ အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ PT Pindad၊ သင်္ဘောထုတ်လုပ်ရေးကုမ္ပဏီ PT PAL နဲ့ လေကြောင်းကုမ္ပဏီ PT Dirgantara Indonesia ပါဝင်ပြီး ဒီကုမ္ပဏီတွေဟာ မြန်မာစစ်ကောင်စီအဖွဲ့ထဲက ဝန်ကြီးတယောက်ရဲ့ သားဖြစ်သူပိုင်ဆိုင်တဲ့ True North အမည်ရ မြန်မာကုမ္ပဏီကနေ တဆင့် မြန်မာစစ်တပ်ကို လက်နက်တွေ ထောက်ပံ့နေခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီကိစ္စ PT Pindad နဲ့ PT PAL တို့ကို မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ PT Pindad ရဲ့ ဒါရိုက်တာကတော့ ၂၀၁၆ ခုနှစ်ကတည်းက စတင်ပြီး မြန်မာနိုင်ငံကို လက်နက်ပစ္စည်းတွေ ရောင်းချတာ မရှိတော့ဘူးလို့ မီဒီယာတွေကို အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံနဲ့သော်လည်းကောင်း မြန်မာနဲ့ပတ်သက်တဲ့ တခြား တဆင့်ခံ အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း တခါမှ လုပ်ငန်းစာချုပ် ချုပ်ခဲ့ဖူးခြင်း မရှိဘူးလို့လည်း PT Dirgantara Indonesia က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာကို True North က ပြန်လည်ဖြေကြားခြင်း မရှိသေးပေမဲ့ မကြာသေးခင်ကမှ ပြင်ဆင်ထားတဲ့ ကုမ္ပဏီပရိုဖိုင်ကို ရိုက်တာသတင်းဌာနက မြင်တွေ့ခွင့်ရခဲ့ပါတယ်။
အဲဒီပရိုဖိုင်ထဲမှာ အင်ဒိုနီးရှား လက်နက်ထုတ်လုပ်ရေးကုမ္ပဏီသုံးခုကို နည်းဗျူဟာမြောက် မိတ်ဘက်တွေအဖြစ် ဖော်ပြထားတာ တွေ့ရပါတယ်။
အဲဒီကုမ္ပဏီတွေကနေ ပစ္စတို၊ တိုက်ခိုက်ရေးရိုင်ဖယ်နဲ့ တိုက်ခိုက်ရေးယာဉ်တွေ အပါအဝင် လက်နက်ကိရိယာမျိုးစုံကို မြန်မာစစ်တပ်က ဝယ်ယူခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အဖွဲ့ဝင်နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်း၊ ပို့ဆောင်ခြင်း မပြုလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အင်ဒိုနီးရှားက ထောက်ခံမဲပေးခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီတိုင်ကြားစာနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းနေတယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
အခုတိုင်ကြားခံရတဲ့ ကုမ္ပဏီတွေဟာ အစိုးရပိုင်လုပ်ငန်းတွေ ဖြစ်တာကြောင့် Komnas HAM လို့လည်း သိထားကြတဲ့ အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ ဒါရုစ်မန်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ မြန်မာစစ်တပ်နဲ့ အတိုက်အခံ အဖွဲ့အစည်းတွေအကြား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းနေပေမဲ့ အခုချိန်အထိတော့ အောင်မြင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေလထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုးလောက်ရှိတဲ့ လက်နက်ကိရိယာတွေကို ပြည်ပကနေဝယ်ယူခဲ့ရာ ရုရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယတို့ကနေ အများဆုံး ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါတယ်။
Source: Reuters
Photo-PT Pindad