စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ ရေနစ်မြုပ်မှုကြောင့် စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ ရွှေဘိုပေါ်ဆန်းစပါး ဧက ၈၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ရက်ပေါင်း ၂၀ လောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ ၁၀ ရွာလောက်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုကြောင့် ခင်ဦးမြို့နယ်ထဲက စပါးခင်းဧက ၁၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြပြီး ၈၀ ကျော်ကတော့ လုံးဝပျက်စီးခဲ့ပါတယ်။
စပါးပင်တွေ ၁ လကျော်အရွယ် သက်တမ်းရှိမှ ရေနစ်မြုပ်ပျက်စီးရတာဖြစ်ပြီး ပျိုးပင်မရှိတာကြောင့် ပြန်စိုက်ပျိုးလို့မရဘဲ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်မှာ ရွှေဘိုပေါ်ဆန်းမွှေး (ဒေသအခေါ် ဘေးကြား) ကို အဓိကစိုက်ပျိုးပြီး ၁ ဧကကို စပါးအထွက်နှုန်း တင်း ၈၀ ဝန်းကျင်ထွက်တဲ့အတွက် အခုစပါးခင်းတွေပျက်စီးမှုကြောင့် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် ဆုံးရှုံးခဲ့ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
“ဒီဘက်မှာက စစ်ကြောင်းလာရင်လည်း လယ်တွေပစ်ပြီး ပြေးရတယ်၊ ရေက တခါထပ်မြုပ်တော့ တောင်သူတွေ ဆုံးရှုံးမှုများတာပေါ့ဗျာ။ ပြန်စိုက်ကြမယ်ဆိုလည်း ပျိုးကမရှိတော့ဘူး ရာသီဥတုကအေးလာတော့ စပါးမဖြစ်တော့ဘူး” လို့ ခင်ဦးမြို့နေ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
ခင်ဦးမြို့နယ်ဟာ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းထဲက ရွှေဘိုပေါ်ဆန်းမွှေး အဓိက စိုက်ပျိုးတဲ့ ဒေသတခုဖြစ်ပါတယ်။