ထိုင်ဝမ်ကျွန်းကို တိုင်ဖွန်းမုန်တိုင်း ကွိုက်နု မဝင်ရောက်လာသေးခင် အောက်တိုဘာ ၃ ရက်မှာ ကျွန်းအာဏာပိုင်တွေက မြေပြင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကျွန်းရဲ့ တောင်ဘက်နဲ့ အရှေ့ဘက် အစိတ်အပိုင်းကြီးတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။
တောင်ပိုင်းရှိ ပင်းထွန်ကောင်တီနယ်မြေက တောင်ထူထပ်ပြီး လူဦးရေကျဲပါးတဲ့ တောင်တန်းဒေသတလျှောက်နဲ့ အရှေ့ဘက်က ကမ်းရိုးတန်းခရိုင်တွေဖြစ်တဲ့ ထိုင်တုံနဲ့ ဟွာလိယန်တို့မှာ မိုးသည်းသည်းမည်းမည်း ရွာချလိမ့်မယ်လို့ ဒေသဆိုင်ရာ မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။
အောက်တိုဘာ ၂ ရက်ကစပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတချို့ တဖြည်းဖြည်းချင်း ပိတ်သွားခဲ့ပြီး တိုင်ဖွန်းမုန်တိုင်းကြောင့် ကျွန်းရဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်း တလျှောက်ရှိ ကမ်းခြေအများစုဆီ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် အစွန်အဖျားရှိ ထိုင်ဝမ်ကျွန်းတွေဆီ ပြေးဆွဲနေတဲ့ လေယာဉ်နဲ့ ကူးတို့ယာဉ်တချို့ကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။
ကန်တီးန် ချားတောင် ကမ်းခြေ အပန်းဖြေစခန်း မန်နေဂျာ ပန်ချားချင်းက “တိုင်ဖွန်းမုန်တိုင်းကြောင့် ကြိုတင်စာရင်းသွင်းထားတဲ့ အခန်းတွေရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်” လို့ ပြောပါတယ်။
လက်ရှိ အဆင့် ၃ အမျိုးအစားဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း ကွိုက်နုဟာ အောက်တိုဘာ ၄ ရက် နှောင်းပိုင်းမှာ ထိုင်ဝမ်အရှေ့တောင်ဘက်စွန်း ကမ်းရိုးတန်းကို ကုန်းတွင်းပိုင်း ဝင်ရောက်ချိန်မှာ အဆင့် ၂ အထိ အားပျော့သွားဖွယ်ရှိကြောင်း အပူပိုင်းမုန်တိုင်းအန္တရာယ် (TSR) ဝက်ဘ်ဆိုက်အရ သိရပါတယ်။
Source/Photo-Reuters