Home
အားကစား
မန်ယူနှင့် အာဆင်နယ် ရှုံးပွဲတွေ့ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ
DVB
·
October 4, 2023
Sports_ManU vs Galatasaray_Reuters_04102023
Sports_Napoli-vs-Real_Reuters_04102023
Sports_Copenhagen-vs-Bayern_Reuters_04102023
Sports_Galatasaray_Reuters_04102023

ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်တွေကို အောက်တိုဘာ ၃ ရက် မနေ့ညက ယှဉ်ပြိုင်ရာ မန်ချက်စတာယူနိုက်တက်နဲ့  အာဆင်နယ်တို့  ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စု အေ ဒုတိယပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ တူရကီကလပ် ဂါလာတာစာရေးတို့ ယှဉ်ပြိုင်ရာ မန်ယူနိုက်တက်က အိမ်ကွင်းမှာ ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

မန်ယူက ပွဲချိန် ၁၇ မိနစ်နဲ့ ၆၇ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟွိုက်လန်းရဲ့ ဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရတာပါ။

ဂါလာတာစာရေးအတွက် ဂိုးတွေကို ပွဲချိန် ၂၃ မိနစ်မှာ ဇာဟာ၊ ၇၁ မိနစ်မှာ အတ်ခ်တာကော့ဂ်လူနဲ့ ၈၁ မိနစ်မှာ အီကာဒီတို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာ မန်ယူကွင်းလယ်လူ ကတ်စ်မဲရိုး ဖျက်ထုတ်ပုံကြမ်းလို့ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပြီး ဂါလာတာစာရေး ပယ်နယ်တီကန်ခွင့် ရခဲ့ပေမဲ့ တိုက်စစ်မှူး အီကာဒီ ကန်ချက် လွဲချော်ခဲ့လို့ မန်ယူအသင်း သက်သာခဲ့ရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အုပ်စု ပထမပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ထားလို့ အုပ်စုအဖွင့် နှစ်ပွဲဆက် ရှုံးနိမ့်ပြီး နောက်တဆင့်တက်ရေး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

အုပ်စု အေ တခြားပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်က ကိုပင်ဟေဂင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီအုပ်စုမှာ ဘိုင်ယန်မြူးနစ်က နှစ်ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး ဂါလာတာစာရေးက ၄ မှတ်နဲ့ ဒုတိယ၊ ကိုပင်ဟေဂင်က ၁ မှတ်နဲ့ တတိယ၊ မန်ယူနိုက်တက်ကတော့ အမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပါတယ်။

အုပ်စု ဘီ ဒုတိယပွဲစဉ်အဖြစ် ပြင်သစ်ကလပ် လန်းစ်နဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာတော့ လန်းစ်က အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်က ပွဲချိန် ၁၄ မိနစ်မှာ တိုက်စစ်မှူး ဂျေဆူး သွင်းယူတဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ပွဲချိန် ၂၅ နဲ့ ၆၉ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာပါ။

အုပ်စု ဘီ နောက်ပွဲစဉ်မှာတော့ နယ်သာလန်ကလပ် ပီအက်စ်ဗွီနဲ့ စပိန်ကလပ် ဆီဗီလာတို့ ယှဉ်ပြိုင်ခဲ့ကြပြီး တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။

ဒီအုပ်စုမှာ လန်းစ်က ရမှတ် ၄ မှတ်နဲ့ ဦး‌ေဆာင်နေပြီး အာဆင်နယ်က ၃ မှတ်နဲ့ ဒုတိယ၊ ဆီဗီလာက ၂ မှတ်နဲ့ တတိယ၊ ပီအက်စ်ဗွီက ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

အုပ်စု စီ က နာမည်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ နာပိုလီတို့ ပွဲစဉ်မှာတော့ ရီးရဲလ်က အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာလည်း အိမ်ရှင် နာပိုလီအသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ရီးရဲလ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အုပ်စု စီ နောက်ပွဲစဉ်ဖြစ်တဲ့ ဂျာမန်ကလပ် ယူနီယန်ဘာလင်နဲ့ ပေါ်တူဂီကလပ် ဘရာဂါတို့ ပွဲမှာတော့ ဘရာဂါက အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီအုပ်စုမှာ ရီးရဲလ်က ၆ မှတ်နဲ့ အုပ်စု ပထမ၊ နာပိုလီနဲ့ ဘရာဂါတို့က ၃ မှတ်စီ ရထားပြီး ယူနီယန်ဘာလင်ကတော့ အမှတ်မရသေးပါဘူး။

အုပ်စု ဒီ ပွဲစဉ်တွေမှာတော့ အင်တာမီလန်က ဘင်ဖီကာကို ၁ ဂိုး ဂိုးမရှိ၊ ရီးရဲလ်ဆိုစီဒက်က ဆောဇ်ဘာ့ဂ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။

အုပ်စု ဒီ မှာ ဆိုစီဒက်နဲ့ အင်တာမီလန်က ၄ မှတ်စီ တူနေပေမဲ့ ဂိုးကွာခြားချက်အသာနဲ့ ဆိုစီဒက်က ပထမ၊ အင်တာက ဒုတိယ၊ ဆောဇ်ဘာ့ဂ်က ၃ မှတ်နဲ့ တတိယ၊ ဘင်ဖီကာက အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယပွဲစဉ်တွေကို ဒီနေ့ည ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စု အီးက အက်သလက်တီကို မက်ဒရစ်နဲ့ ဖီယင်နု၊ ဆဲလ်တစ်နဲ့ လာဇီယို၊ အုပ်စု အက်ဖ်က ဒေါ့မွန်နဲ့ အေစီမီလန်၊ နယူးကာဆယ်နဲ့ ပီအက်စ်ဂျီ၊ အုပ်စု ဂျီ က ဇဗက်ဒါနဲ့ ယန်းဘွိုင်းစ်၊ လိုက်ပ်ဇစ်နဲ့ မန်စီးတီး၊ အုပ်စု အိတ်ချ် က ရွိုင်ရယ်အန့်တ်ဝပ်နဲ့ ရှက်တာဒိုးနက်၊ ပေါ်တိုနဲ့ ဘာစီလိုနာတို့ အသီးသီး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024