တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို အောက်တိုဘာ ၄ ရက် ဒီနေ့မနက် ၇ နာရီက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၂ ပွဲပြတ်အနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။
မြန်မာအသင်းဟာ အင်ဒိုနီးရှားအသင်းကို ၂၁-၁၃၊ ၂၄-၂၂ နဲ့ ၂ ပွဲပြတ်အနိုင်ယူပြီး မြန်မာအားကစားအဖွဲ့ရဲ့ ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။
မြန်မာအသင်းဟာ အောက်တိုဘာ ၃ ရက်က ဆီမီးဖိုင်နယ်မှာ ဂျပန်အသင်းကို ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။
အာရှအားကစား အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်နဲ့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့က ပူးတွဲကြေးတံဆိပ် ရရှိခဲ့ပါတယ်။
အမျိုးသမီး ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ ဂျပန်ကို အနိုင်ရရှိခဲ့ပေမဲ့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။