ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၂ ရက် ညက ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အုပ်ချုပ်ရေးအရာရှိ ၄ ယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြာရာပါတီးရပ်ကွက် ဇုန်နယ် ကျမ်းစာသင်ကျောင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကေအိုင်အို အရာရှိ ၄ ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ၁ ယောက် သေဆုံးပြီး ၃ ယောက် အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ အမျိုးသားတဦးက “ကေအိုင်အို အုပ်ချုပ်ရေးပိုင်းက ၄ ယောက် အဖမ်းခံရတယ်။ ပထမဆုံး တယောက်က အရင်ဖမ်းခံရတယ်။ ဖမ်းခံရတဲ့သူကို လိုက်ပြခိုင်းပြီး ဖမ်းတာ။ ထွက်ပြေးလို့ စစ်တပ်က သေနတ်တွေနဲ့ လိုက်ပစ်တာ။ တယောက်ကတော့ သေနတ်မှန်သွားတယ်။ သေနတ်မှန်လို့ သေသွားတဲ့တယောက်ကော ကျန်တဲ့ ၃ ယောက်ကော အကုန်လုံး ကားပေါ်တင် ဖမ်းသွားတယ်” လို့ ပြောပါတယ်။
ကေအိုင်အို အရာရှိ ၄ ဦး ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် ကြာရာပါတီး လမ်းဆုံအနီးမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေကာ အကြောင်းမဲ့ သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
အရာရှိ ၄ ဦး ပစ်ခတ်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကေအိုင်အို ဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၅ ရက် ညကလည်း မြစ်ကြီးနားမြို့မှာ ကေအိုင်အိုရဲ့ တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး အဒေါင်နဲ့ မလိယန်မြို့နယ် လက်အောက်ခံ ဇီးအွန်တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး အင်ခွမ်လ တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါသေးတယ်။