ဟေတီနိုင်ငံမြို့တော် ပို့အောပရင့်စ်ကို အကြီးအကျယ်လွှမ်းမိုးထားတဲ့ အကြမ်းဖက် ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ အကူအညီတောင်းခံပြီးနောက် တနှစ်အကြာ အောက်တိုဘာ ၂ ရက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ နိုင်ငံခြားလုံခြုံရေးအဖွဲ့တဖွဲ့ကို ဟေတီနိုင်ငံဆီ သွားရောက်ခွင့်ပြုခဲ့ပါတယ်။
လိုအပ်တဲ့ အစီအမံအားလုံးကို အရေးယူဆောင်ရွက်ဖို့ နိုင်ငံစုံ လုံခြုံရေး ပံ့ပိုးကူညီရေးမစ်ရှင်ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အဖွဲ့ဝင် ၁၅ ဦးပါ ကုလလုံခြုံရေးကောင်စီက အတည်ပြုခဲ့တာပါ။
အမေရိကန်နဲ့ အီကွေဒေါတို့က ရေးဆွဲထားတဲ့ အဲဒီ အင်အားသုံးစွဲခွင့် ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားတို့က မဲမပေးဘဲနေခဲ့ကြပြီး ကျန်အဖွဲ့ဝင် ၁၃ နိုင်ငံတို့က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
လုံခြုံရေးအကူအညီပေးရေး မစ်ရှင်ကို ဦးဆောင်လိုတဲ့ နိုင်ငံကို ရှာဖွေဖို့ ရုန်းကန်နေရလို့ ဟေတီရဲ့ အကူအညီတောင်းခံမှုကို တုံ့ပြန်မှုက နှောင့်နှေးခဲ့ရပါတယ်။
ကင်ညာနိုင်ငံက ဇူလိုင်လမှာ ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ကို ပေးပို့မယ်လို့ ကတိပြုခဲ့ပြီး ဘဟားမားစ်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုပြီးတာနဲ့ နိုင်ငံစုံတပ်ဖွဲ့ကို ထောက်ခံဖို့ လူပေါင်း ၁၅၀ ကို ကတိပြုထားပါတယ်။
ဒါ့အပြင် ဂျမေကာ၊ အန်တီဂွါနဲ့ ဘာဘူဒါတို့ကလည်း ကူညီဖို့ ဆန္ဒရှိကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုပြီးတဲ့ လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး မစ်ရှင်ဟာ ကုလသမဂ္ဂ စစ်ဆင်ရေး မဟုတ်ပါဘူး။
သမ္မတဟောင်း ယွန်း-ဘက်ထရွန် အာရီးစ်တီး လက်ထက်တုန်းကလည်း သူပုန်တွေက သမ္မတကို ဦးဆောင်ဖြုတ်ချပြီး ပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်က ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို ဟေတီကို စေလွှတ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေဟာ ၂၀၁၇ ခုနှစ်မှာ ပြန်ထွက်ခွာသွားခဲ့ပြီး ကုလသမဂ္ဂ ရဲတပ်ဖွဲ့ကို အစားထိုးခဲ့ပါတယ်။ ကုလရဲတပ်ဖွဲ့ကလည်း ၂၀၁၉ ခုနှစ်မှာ ပြန်ထွက်ခွာခဲ့ပါတယ်။
Source/Photo-Reuters