ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အောင်တိုဘာ ၂ ရက် မနေ့ ညနေ ၅ နာရီကျော်လောက်က KBZ ကမ္ဘောဇဘဏ်ခွဲ မန်နေဂျာတယောက်ကို အမည်မသိ သေနတ်သမားနှစ်ယောက်က ပစ်ခတ်ခဲ့လို့ နေရာပဲ သေဆုံးသွားပါတယ်။
ကမ္ဘောဇဘဏ်ခွဲ မန်နေဂျာ ဦးတင်မောင်အေး အသက် ၄၃ နှစ်ဟာ မြဝတီမြို့ အမှတ်၁ ရပ်ကွက် ဘဏ်ခွဲကနေ အလုပ်ဆင်းချိန် မြဝတီမြို့ ဘုရင့်နောင်လမ်းအတိုင်း ဆိုင်ကယ်နဲ့ပြန်အလာ ရပ်ကွက် ၄ မေတ္တာ(၃)လမ်းမှာ သေနတ်သမားနှစ်ယောက်က ဆိုင်ကယ်ဘေးကပ်လျက် လိုက်လာပြီး ပစ်သတ်သွားတာလို့ မျက်မြင်တွေ့သူက ပြောပါတယ်။
သေနတ်သမား နှစ်ယောက်ဟာ ၃၈ စုံလွယ်သေနတ် ၃ ချက်နဲ့ ပစ်ခတ်သွားပြီးနောက် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် တောရကျောင်းလမ်းအတိုင်း ဟေမာန်ဦးဘုန်းတော်ကြီးကျောင်းဘက် ထွက်ပြေးသွားတယ်လို့လည်း ပြောပါတယ်။
မန်နေဂျာ ဦးတင်မောင်အေးကို ဘယ်သူတွေက ဘာကြောင့် ပစ်ခတ်သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သေနတ်သမားတွေကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ကောင်စီလက်အောက်ခံ မြဝတီမြို့ရဲတပ်ဖွဲ့၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေကတော့ ရပ်ကွက်ထဲက လမ်းတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေ ပါတယ်။
မြဝတီမြို့ဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့စည်းတွေများတဲ့ မြို့ဖြစ်ပြီး ဆိုင်ကယ်စီးပြီး သေနတ်အသုံးပြု ပစ်ခတ်တာ မရှိသလောက်ဘဲလို့ မြို့ခံတွေက ပြောပါတယ်။