အာရှအားကစား အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းဟာ ၂ ပွဲနိုင် ၁ ပွဲရှုံး အုပ်စုဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အောက်တိုဘာ ၁ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုပထမပွဲစဉ်အဖြစ် လာအိုအသင်းနဲ့ပွဲစဉ်မှာ ၂ ပွဲနဲ့ ၁ ပွဲ အနိုင်ယူခဲ့ပေမဲ့ အင်ဒိုနီးရှားနဲ့ပွဲစဉ်မှာ ၂ ပွဲပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို ၂ ပွဲ ၁ပွဲနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာ ၄ ယောက်တွဲ ပိုက်ကျော်ခြင်းအသင်းဟာ ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ပါက တတိယလုပွဲ မရှိဘဲ ပူးတွဲကြေးတံဆိပ်ဆု ရရှိမှာဖြစ်ပြီး အနိုင်ရရှိပါက ဗိုလ်လုပွဲအဆင့်မှာ ဆုတံဆိပ်ရရှိမှာ ဖြစ်တဲ့အတွက် ဆုတံဆိပ်တခု သေချာနေတာ ဖြစ်ပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ အာရှအားကစားပြိုင်ပွဲမှာ အားကစားနည်း ၉ နည်းကို ကစားသမား ၁၁၁ ယောက်နဲ့ ဝင်ေရာက်ယှဉ်ပြိုင်နေတာဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့အထိ ဆုတံဆိပ် ဆွတ်ခူးထားခြင်းမရှိဘဲ နိုင်ငံအလိုက် ဆုတံဆိပ်အဆင့် နောက်ဆုံးအဆင့် ၃၅ မှာ အသင်း ၁၀ သင်းနဲ့ ပူးတွဲရပ်တည်နေပါတယ်။