မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ရေကြီးခဲ့တာကြောင့် ပြည်သူသောင်းချီ ရေဘေးသင့်ခဲ့ရပြီး အောက်တိုဘာ ၂ ရက်က ရေကျသွားပေမဲ့ ပြည်သူ ၃၅၀ ကျော် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်တွင်းကြီးမြို့မှာ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာရွာခဲ့ပြီး တောင်ကျချောင်းရေ စီးဝင်လာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးခဲ့ကာ ပြည်သူ ၁၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ရတာ ဖြစ်ပါတယ်။
ရေဘေးသင့်သူတွေကို ကူညီပေးနေသူတစ်ဦးက " ရေက အရှိုက်လောက်ထိ တက်တယ်။ ဒီနေ့တော့ တခြားရပ်ကွက်တွေက ရေကျပါတယ်။ အနိမ့်ပိုင်းနဲ့ ချိုင့်ရှိတဲ့နေရာတွေ၊ ရေမြောင်း ရေမစီးတဲ့ ရပ်ကွက်တွေပဲကျန်တယ်။ ရေကြီးတာများတော့ အိုးခွက်ပန်းကန်တွေပါ ပါကုန်တယ်။ အကူညီတွေလိုအပ်ပါတယ်"လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်၊ တောင်ပြင်(၂)ရပ်ကွက်၊ အုန်းတော(၁)ရပ်ကွက်၊ အုန်းတော(၂)ရပ်ကွက်၊ ရွှေကြာအင်း(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်တွေမှာ ရေကြီးခဲ့ပြီး လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ညတွင်းချင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရတာပါ။
တောင်တွင်းကြီးမြို့မှာ ရေကြီးတာကြောင့် အမျိုးသားတယောက် ရေထဲမျောပါ သေဆုံးသွား ခဲ့ပါတယ်။
တောင်တွင်းကြီးမြို့မှာ အခုနှစ်ရေကြီးမှုဟာ နှစ် ၅၀ အတွင်းမှာ အဆိုးရွားဆုံးရေကြီးမှုဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆောမြို့နယ်က စစ်ရှောင်တွေရဲ့ လူနေအိမ် ၄ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ချင်းမကွေးနယ်စပ်မှာ ဩဂုတ်လ အစောပိုင်းကတည်းက မိုးရွာသွန်းနေတာဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ပျက်စီးသွားတဲ့ အိမ်ပိုင်ရှင်တွေဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့ကနေ မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ဘေးလာရောက် တိမ်းရှောင်ကြသူတွေ ဖြစ်ပါတယ်။
ကန်ပက်လက် ဒေသခံ တစ်ဦးက “တောင်ပေါ်တောင်အောက်မိုးက အတော်ရွာတာ၊ အရင်လ အစောပိုင်းကတည်းက ရွာနေတာ အခုအချိန်အထိပဲ။ အိမ်တွေက ပျက်စီးတာများတယ်။ ၄ အိမ်ကတော့ လုံးဝနေမရတော့ဘူး။ ပြိုကျသွားတယ်” လို့ ပြောပါတယ်။
လူနေအိမ် ၄ လုံးက လုံးဝပြိုကျပျက်စီးသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၈၀၀ ခန့်ရှိတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ဆောမြို့နယ်အပိုင်ထဲမှာ ကန်ပက်လက်မြို့နယ်ထဲမှာ စစ်ရှောင်ပြည်သူတွေစုပြီးနေထိုင်ကြတာ ဖြစ်ပါတယ်။