သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ၁၀ လမ်းရှိ တိုက်ခန်းတခုရဲ့ လေးလွှာတိုက်ခန်းအတွင်း အောက်တိုဘာ ၂ ရက် ဒီနေ့မနက်က လုယက်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေဆီက သိရပါတယ်။
မနက် ၈ နာရီလောက်က အိမ်သား ၂ ဦးတည်းရှိနေချိန် တံခါးခေါက်လို့ဖွင့်ကြည့်ရာမှ လူတဦးက အတင်းတွန်းထိုးဝင်လာပြီး ဓားထောက်ကာ လုယက်သွားတာလို့ ဆိုပါတယ်။
ငမိုးရိပ်ရပ်ကွက်အတွင်းနေထိုင်သူတဦးက "အိမ်ရှင်အမျိုးသမီးရဲ့လည်ပင်းက ဆွဲကြိုးပါသွားတယ်။ တခြားဘာထပ်ပါသေးလဲတော့ မသိဘူး။ လုယက်တဲ့သူက အဲဒီအမျိုးသမီးကို ထုရိုက်သွားသေးတယ်" လို့ ပြောပါတယ်။
လုယက်သူက လုယက်ပြီးနောက် တိုက်အောက်ပြေးဆင်းသွားပြီး ပတ်ဝန်းကျင်မှာ လူရှင်းနေတာကြောင့် ဖမ်းဆီးရမိလိုက်ခြင်း မရှိဘူးလို့လည်း အဲဒီဝန်းကျင်မှာနေထိုင်သူတွေက ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်အတွင်းမှာ အဲဒီဖြစ်စဥ် မတိုင်ခင်ကလည်း လမ်းသွား၊ လမ်းလာတွေဆီက ဖုန်းနဲ့ပိုက်ဆံအိတ်တွေကို ဓားထောက်လုယက်တာ၊ လုပြေးတဲ့ဖြစ်စဥ်တွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။
ဒါ့အပြင် အထပ်မြင့်တိုက်ခန်းတွေထဲအထိ ခိုးဝင်ပြီး ဖုန်းနဲ့အိမ်တွင်းပစ္စည်းတွေ ခိုးယူတဲ့ ဖြစ်စဥ်တွေ ရှိနေတယ်လို့လည်း သူတို့ကပြောပါတယ်။