မလေးရှားနိုင်ငံ ပင်လယ်ပြင်မှာ မြန်မာအလုပ်သမား ၂ ဦး လှေပေါ်ကပြုတ်ကျခဲ့ပြီး အလုပ်သမား ၁ ဦးရဲ့ အလောင်းသာ ပြန်လည်ရရှိခဲ့တယ်လို့ မြန်မာလူမှုကူညီရေး(မလေးရှား) တာဝန်ရှိသူတွေဆီက သိရပါတယ်။
ငါးဖမ်းလှေပေါ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ကိုနိုင်ကျော်ဦးနဲ့ တခြား မြန်မာအလုပ်သမားတဦးဟာ စက်တင်ဘာ ၂၀ ရက်နေ့က ငါးဖမ်းပိုက် ကြိုးဆွဲတင်နေစဉ် ပြင်းထန်တဲ့ လှိုင်းရိုက်ချက်ကြောင့် ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။
မလေးရှားရဲတပ်ဖွဲ့က ၆ ရက်ကြာမှ အလောင်းတလောင်းတွေ့ရှိခဲ့ရာ ရုပ်ပျက်နေပေမဲ့ လက်မှာ တက်တူးကြောင့် ကိုနိုင်ကျော်ဦး ဖြစ်မှန်းသိခဲ့ရပြီး သင်္ဂြိုဟ်ဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ မြန်မာလူမှုကူညီရေး(မလေးရှား) တာဝန်ရှိသူတဦးက ပြောပါတယ်။
“ပင်လယ်ပြင်မှာ ကြိုးဆွဲနေတဲ့အချိန် လှိုင်းရိုက်ပြီး ပြုတ်ကျသွားတာပါ။ ပြုတ်ကျကျချင်း လှေပေါ်ကသူတွေ လိုက်ရှာပါသေးတယ်၊ လှိုင်းလုံးတွေကကြီးတော့ မတွေ့တော့တာပါ။ အခုက တယောက်ရဲ့ အလောင်းပဲ တွေ့သေးတယ်။ သင်္ဂြိုဟ်ဖို့ မလေးရှားအာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းတာ ခွင့်ပြုလိုက်ပါပြီ။ မိသားစုဝင်တွေလည်း ရှိနေပြီဆိုတော့ အောက်တိုဘာ ၃ ရက်နေ့၊ ၄ ရက်နေ့လောက် သင်္ဂြိုဟ်ပါမယ်။”
ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတဦးကို ဆက်လက်ရှာဖွေနေပြီး လက်ရှိမှာ ကိုနိုင်ကျော်ဦးကို သင်္ဂြိုဟ်ခွင့်ရရှိဖို့ ကြိုးစားနေတာကြောင့် နစ်နာကြေးရရှိမယ့်ကိစ္စတွေ မလုပ်ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
သေဆုံးသွားခဲ့တဲ့ မွန်လူမျိုး ကိုနိုင်ကျော်ဦးဟာ ရေးမြို့နယ်၊ လမိုင်းမြို့အနီးရှိ မွန်တိုင်းရင်းသား အများစုနေထိုင်တဲ့ရွာကဖြစ်ပြီး မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ခဲ့တာ တနှစ်ကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း မလေးရှားပင်လယ်ပြင်မှာ ငါးဖမ်းသင်္ဘောမှောက်ပြီး မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် ၈ ဦး ပျောက်ဆုံးခဲ့ပါတယ်။
Photo - မြန်မာလူမှုကူညီရေး(မလေးရှား)