မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ အငြိမ်းစားဒုဗိုလ်မှူးကြီး မိသားစု ပစ်ခတ်ခံခဲ့ရပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဈေးသည် ၅ ဦးဟာ တလနီးပါးကြာတဲ့အထိ အဆက်အသွယ်မရသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်၊ သူ့ဇနီးနဲ့ သားတို့ကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီက ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်က သူ့နေအိမ်အရှေ့နားမှာ အမည်မသိ လက်နက်ကိုင်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ပြီး အငြိမ်းစားဒုဗိုလ်မှူးကြီး လွတ်မြောက်ခဲ့ပေမဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့သလို သားဖြစ်သူမှာလည်း မျက်လုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အငြိမ်းစားဒုဗိုလ်မှူးကြီးနဲ့ စစ်ကောင်စီတပ်သားတွေဟာ ပစ်ခတ်မှုအနီးနားက CCTV တွေကို ကြည့်ပြီး ရှမ်းဈေးရှေ့မှာ ဈေးရောင်းနေကြတဲ့ ပလာတာသည် လင်မယားနှစ်ဦး၊ ကွမ်းယာသည်နှစ်ဦးနဲ့ ဖုန်းဆိုင်ဝန်ထမ်းတဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် အခု တလနီးပါး ကြာတဲ့အထိ အဆက်အသွယ်မရသေးသလို ပလာတာသည် လင်မယားနှစ်ဦးရဲ့အိမ်လည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။
မိသားစုဝင်တဦးက “သူတို့လင်မယားက ဈေးရောင်းနေတာ၊ ဘယ်အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ပါဘူး။ ပစ်ခတ်မှုဖြစ်တဲ့နေ့က ယောက်ျားဖြစ်တဲ့သူက ဆိုင်ရှေ့မှာ ကျည်ဆန်ခွံလေးတွေ့လို့ ကောက်ကိုင်လိုက်တာ။ အဲါ့ စီစီတီဗီမှာ ပေါ်နေလို့ ဖမ်းသွားတယ်။ သူ့မိန်းမကော ဘေးနားက ကွမ်းယာသည်နှစ်ဦးကော ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ဖြတ်သွားတဲ့ ဖုန်းဆိုင်ဝန်ထမ်းတဦးပါ ဖမ်းဆီးလိုက်တယ်။ ခုထိ ရဲစခန်းတွေ ၉၆ တပ်တွေကော လိုက်စုံစမ်းနေတာပဲ၊ အဆက်အသွယ်တော့ မရသေးပါဘူး။ လွန်ခဲ့တဲ့ ၃ ရက်လောက်က သူတို့နေတဲ့အိမ်ကို ချိပ်လာပိတ်သွားတယ်။ မြို့ထဲမှာလည်း သူတို့ထဲက တချို့က စစ်ကြောရေးမှာ သေသွားပြီး ကျန်တဲ့သူကို သေဒဏ်ပေးမယ်လို့ကြားတော့ ပိုပြီး စိတ်ပူနေရပါတယ်” လို့ ပြောပါတယ်။
ဒုဗိုလ်မှူးကြီးငြိမ်း မိသားစု ပစ်ခတ်ခံရပြီး နောက်နေ့ စက်တင်ဘာ ၉ ရက်က ကျိုက်ထိုမြို့အတွင်း ဆိုင်ကယ်နှစ်ယောက်စီးတာကို ကန့်သတ်ခဲ့ပြီး ဒီနေ့အချိန်ထိ ဆိုင်ကယ်နှစ်ယောက်စီးမှုနဲ့ ၁၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ကျိုက်ထိုဒေသခံတဦးက ပြောပါတယ်။
“အစစ်အဆေးက အရင်ကထက် အရမ်းကြပ်သွားတယ်။ ဖုန်းတွေလည်း အချိန်တိုင်းစစ်သလို ဈေးတွေမှာလည်း အချိန်ပြည့် စစ်သားတွေ ရှုပ်ယှက်ခတ်နေတာပဲ။ အရင်က ဆိုင်ကယ်နှစ်ယောက် မစီးရ ကန့်သတ်ချက် ထုတ်ဖူးပေမဲ့ မဖမ်းတော့ ထုတ်ထားတယ်လို့ မထင်တော့တာ။ အခုက စီးတာတွေ့တာနဲ့ကို ဖမ်းတာ။ မရပ်ပေးရင် သေနတ်နဲ့ပါပစ်တာ” လို့ ပြောပါတယ်။
အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်ဟာ ကျိုက်ထိုမြို့နယ် ဝိုင်အမ်ဘီအေအဖွဲ့ အမှုဆောင်တဦးဖြစ်သလို စစ်ကောင်စီဝါဒဖြန့် အမဲလိုက်မုဆိုး တယ်လီဂရမ်ချန်နယ် တည်ထောင်သူလည်း ဖြစ်ပါတယ်။