ရန်ကုန်မှာရှိတဲ့ YBS ယာဉ်လိုင်းတွေဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ပိုမိုဖောက်ဖျက်လာပြီး မှတ်တိုင်မှာ အချိန်မြင့်စွာ ရပ်တန့်တာတွေ ပိုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
YBS ယာဉ်လိုင်းတွေဟာ မနက် ရုံးတက်ချိန်နဲ့ ညနေ ရုံးဆင်းချိန်မှသာ ရပ်၊ ချ၊ တင်၊ ထွက် စနစ်နဲ့ မောင်းနှင်ပေမဲ့ မနက် ၁၀ နာရီနောက်ပိုင်းဆိုရင် မှတ်တိုင်မှာ အချိန်ကြာမြင့်စွာ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။
“စည်းနဲ့ကမ်းနဲ့ မမောင်းကြတော့ဘူး။ သူတို့ကားထဲမှာ လူလေး နည်းနည်းလွတ်တာနဲ့ လွတ်တဲ့နေရာ ဖြည့်ဖို့ အကြာကြီး ရပ်စောင့်တာ။ လမ်းပိတ်နေရင် တဖက်ယာဉ်ကြောကနေ လမ်းပြောင်းပြန်မောင်းတာတွေလည်း လုပ်နေကြတယ်။ အခုဆို ပွိုင့်တွေမှာ ယာဉ်ထိန်းဆိုတာ မရှိတော့ဘူး။ ယာဉ်ထိန်းတွေက တနေရာတည်းမှာမရှိဘူး၊ လာလိုက် တခြားနေရာ သွားလိုက်နဲ့။ ကြပ်မတ်မယ့်သူမရှိတော့ လုပ်ချင်တိုင်း လုပ်နေကြတာ” လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
အခုလို YBS ယာဉ်လိုင်းတွေရဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ဖောက်ဖျက်နေတာကြောင့် ရန်ကုန်မှာ နေ့စဉ်ဆိုသလို ယာဉ်တိုက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
အာဏာမသိမ်းခင်က YBS ယာဉ်လိုင်းတွေမှာ စပယ်ယာ တင်ဆောင်ခွင့် မရှိပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း YBS ယာဉ်လိုင်း တော်တော်များများမှာ စပယ်ယာတွေကို ပြန်လည်တင်ဆောင်ပြီး ငွေကောက်ခံနေတာ ဒီနေ့အထိဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
လက်ရှိ ရန်ကုန်မှာ YBS ယာဉ်လိုင်း ၁၀၀ ကျော်၊ ယာဉ်စီးရေ ၃,၀၀၀ ကျော်၊ နေ့စဉ်စီးနင်းတဲ့ ခရီးသည်အရေအတွက် ၁ သန်းကျော်အထိ ရှိတယ်လို့ YRTC ရဲ့ စာရင်းတွေအရ သိရပါတယ်။